ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၄)မှာ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရှိနေတဲ့ ဆောက်သမ်တန်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်း ရလဒ်တွေ ဆိုးဝါးနေတာဟာ သူ့အပြစ်ကြောင့် မဟုတ်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက စက်တင်ဘာလ ၈ရက်နေ့မှာ ဘရိုက်တန် ကနေ ချယ်လ်ဆီးဆီ ပြောင်းလာကာ အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ကစားသမား အများအပြား ဝယ်ယူထားပေမယ့် ကစားပုံပိုင်းရော ၊ ရလဒ်ပိုင်းမှာပါ သိသိသာသာ ကောင်းမွန်လာခြင်း မရှိသေးပါဘူး။

Photo Credit: 90 Min

အထူးသဖြင့် ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးကို ၆လ နီးပါး ကြာအောင် နည်းပြခဲ့ပေမယ့် ချယ်လ်ဆီးက အခုချိန်အထိ ကစားကွက် မယ်မယ်ရရ မရှိသေးသလို တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်း နှစ်ခုစလုံးမှာ အားနည်းချက်တွေလည်း အများအပြား ရှိနေပါသေးတယ်။

ယမန်နေ့ညမှာ ကစားခဲ့တဲ့ ချယ်လ်ဆီး ၀-၁ ဆောက်သမ်တန် ပွဲစဉ်မှာလည်း ချယ်လ်ဆီးက တပွဲလုံးမှာ အပိုင် ဂိုးသွင်းခွင့် မယ်မယ်ရရ မရခဲ့သလို ခံစစ်ကြောင်းကလည်း ဆောက်သမ်တန်လို တိုက်စစ်အားနည်းတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကိုတောင် ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပဲ ဝက်ပရော့စ်ရဲ့ တည်ကန်ဘော ကနေ အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit: 90 Min

အိမ်ကွင်းမှာ ဆောက်သမ်တန်လို ဇယားအောက်ခြေက အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေက ပေါ်တာကို အသင်းကနေ ထွက်ခွာဖို့ စတင် တောင်းဆိုလာကြပြီး ပေါ်တာကတော့ ချယ်လ်ဆီးအသင်း ရလဒ်တွေ ဆိုးဝါးနေတာဟာ သူနဲ့ မဆိုင်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တာက – “အိမ်ကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့လို့ ဝေဖန်မှုတွေ ခံရမယ် ဆိုတာ သိပါတယ်။ ကျွန်တော်တို့က ခက်ခဲတဲ့ ကာလတခုကို ဖြတ်ကျော်နေရတာပါ။ ကျွန်တော်တို့က လူငယ် ကစားသမားတွေကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသားကျအောင် ကူညီပေးနေရတာပါ။ ဒီလိုအချိန်မှာ ရလဒ်ဆိုးတွေ ရနေတာ ဆိုတော့ ပိုလို့တောင် ခက်ခဲပါသေးတယ်။ ကျွန်တော့်ကို အသင်းရဲ့ ပြဿနာကောင်လို့ ပြောနေကြတဲ့ လူတွေ ရှိတာကို သိပါတယ်။ ကျွန်တော်ကတော့ သူတို့ရဲ့ စကားတွေဟာ မှန်တယ်လို့ မယူဆပါဘူး။ ဒါပေမယ့် ကျွန်တော်က သူတို့တွေရဲ့ အမြင်တွေကို ဂရုမစိုက်ဘူးလို့လည်း မပြောချင်ပါဘူး” ဆိုပြီး ဝေဖန်မှုတွေကို တုံ့ပြန်သွားခဲ့တာပါ။