တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန့်ဂျ် ပိုစတီကိုဂလူးကတော့ သူရဲ့စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့်(၄)နေရာ ရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ထက်စာရင် အသင်းက ပိုမို တိုးတက်ကောင်းမွန်လာဖို့သာ ပိုပြီး အရေးကြီးတယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

သြစတြေးလျလူမျိုး ဘောလုံးနည်းပြ ပိုစတီကိုဂလူးဟာ ဒီရာသီမှ စပါးအသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူရဲ့လက်ထက်မှာ အသင်းက စွမ်းဆောင်မှုကောင်းတချို့ ပြသထားနိုင်ခဲ့ပေမယ့်လည်း ပြည်တွင်း ရှုံးထွက်ဖလားတွေကနေ ထွက်ခွာထားခဲ့ရသလို လက်ရှိမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ တိုက်ပွဲဝင်နေရပါတယ်။

 

Photo Credit : Football365

ပိုစတီကိုဂလူးလက်ထက်မှာ စပါးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲ (၂၈)ပွဲဆက်တိုက်အထိ ပွဲတိုင်းလိုလိုမှာ ဂိုးတွေ သွင်းယူနိုင်တဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပေမယ့် လန်ဒန်မြို့ခံကလပ် ဖူလ်ဟမ်နဲ့ပွဲမှာပဲ (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ရင်း စပါးအသင်းရဲ့ စွမ်းဆောင်ရည်ကောင်းတစ်ခုပါ ရပ်တန့်သွားခဲ့ရပါတယ်။

ဒါပေမယ့်လည်း စပါးအသင်းဟာ လက်ရှိမှာ အဆင့်(၅)နေရာ ရရှိနေပြီး (၄)နေရာက ဗီလာနဲ့လည်း (၂)မှတ်သာ ကွာဟနေတော့သလို အဆင့်(၆)နေရာက ယူနိုက်တက်ထက်လည်း (၅)မှတ်အထိ သာနေတာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုပြီး မျှော်လင့်ချင်စရာ ဖြစ်နေရပါတယ်။

Photo Credit : CaughtOffside

ဒါပေမယ့်လည်း စပါးနည်းပြကြီး ပိုစတီကိုဂလူးကတော့ သူ့အနေနဲ့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ထက် အသင်းကို ပိုမိုပြီးသာ တိုးတက်ကောင်းမွန်လာစေဖို့ပဲ ရည်ရွယ်ထားတယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ “အဆင့်(၄)နေရာ ရရှိတာကို ဆုလာဒ်တစ်ခုလို့ ကျွန်တော်ကတော့ မမြင်မိပါဘူး။”

“အရင်ကတည်းက အသင်းက အဆင့် (၄)လည်း ရခဲ့ဖူးတယ်။ အဆင့်(၂)နေရာအထိတောင် ရခဲ့ဖူးပါသေးတယ်။ နောက်ပြီး ချန်ပီယံလိဂ်မှာပါ ဒုတိယလည်း ရခဲ့သေးတယ်။ ဒါကြောင့် အဆင့်(၄)နေရာကို ရရှိဖို့က ကျွန်တော်ရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်ဘူး။ အသင်းက တိုးတက်ကောင်းမွန်လာခြင်း မရှိပဲနဲ့လည်း အဆင့်(၄)နေရာနဲ့ ရာသီမသိမ်းချင်ပါဘူး။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။