တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်သူ ပိုစတီကိုဂလူက အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ရဲ့ အပြောင်းအလဲဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကူးပြောင်းမှုနဲ့ ဆင်တူတယ်လို့ ယုံကြည်ကြောင်း ပြောဆိုလာခဲ့ပါတယ်။

တောင်ကိုရီးယား လက်ရွေးစင် ကစားသမား ဆွန်ဟောင်မင်ဟာ တိုက်စစ်ပိုင်းမှာ တောင်ပံတိုက်စစ်နေရာက အဓိက ကစားတက်သူဖြစ်ပြီး ဒီရာသီမှသာ အထောင်တိုက်စစ်နေရာကို ကူးပြောင်းပြီး ကစားလာခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : SportMax

ဒီနွေမှာ စပါးအသင်းရဲ့ အဓိက အထောင်တိုက်စစ်မှူး ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာကြောင့် ကိန်းရဲ့အသင်းဖော်ဟောင်း ဆွန်က ကိန်းနေရာကို အစားဝင်လာခဲ့ပြီး လက်ရှိမှာလည်း ပရီးမီးယားလိဂ် (၁၀)ပွဲမှာပါ (၈)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။

ဆွန်ဟောင်မင် ဂိုးသွင်းအား ပိုကောင်းမွန်လာတာနဲ့ ပတ်သက်ပြီး နည်းပြ ပိုစတီကိုဂလူက “ကျွန်တော် အလားတူ နှိုင်းယှဉ်မှုမျိုးတွေ မလုပ်ချင်ပါဘူး။ ဒါပေမယ့် ဒါက မန်ချက်စတာယူနိုက်တက်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ပြောင်းလဲ ကစားလာပုံနဲ့တော့ ဆင်တူပါတယ်။”

Photo Credit : Football London

“သူဟာလည်း တောင်ပံကစားသမား တစ်ယောက်အနေနဲ့ပဲ စတင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ဆွန်ဟောင်မင်နဲ့ ပတ်သက်ပြီး အမြဲတမ်း ခံစားမိတာက သူဟာ အရမ်းကောင်းတဲ့ အဆုံးသတ်သမားဖြစ်ပြီး သူရဲ့ လှုပ်ရှားမှုတွေကလည်း ထူးခြားပါတယ်။ သူက ဧရိယာအတွင်းထဲမှာ ကစားရလောက်အောင် လိမ်မာပါးနပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ဆွန်ရဲ့ အလုပ်အပေါ်ထားတဲ့ ခံယူချက်ကိုလည်း ကျွန်တော် သဘောကျရပါတယ်။ သူရဲ့ press လုပ်တာကို မြင်တယ်ဆိုရင် သူက ခံစစ်အမြင်ကနေ press လုပ်တာကို စတင်တာကိုပါ မြင်ရလိမ့်မယ်။ သူ့ဆီမှာ press လုပ်တာနဲ့ ပတ်သက်ပြီး ဒီလို အတွေးအခေါ်မျိုး ရှိနေတယ် ဆိုတာကိုလည်း ကျွန်တော် သိနေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။