ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ လက်တွဲဖော် ဖြစ်သူ ဂျော်ဂျီနာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲမှာ ပေါ်တူဂီက မော်ရိုကိုကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဟာ နည်းပြဖြစ်သူ ဆန်းတို့စ် အပါအဝင် ပေါ်တူဂီမှာ ရှိတဲ့ လူတွေက ရိုနယ်ဒိုကို မယုံကြည်လို့ ဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ် ကနေ တဆင့် ဝေဖန်သွားခဲ့ပါတယ်။

ပေါ်တူဂီက ၁၆သင်း ရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်ကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာတော့ စပိန်ကို အနိုင်ယူလာတဲ့ မော်ရိုကိုကို အနိုင်မယူနိုင်ခဲ့ပဲ မော်ရိုကိုရဲ့ ပထမပိုင်း ပြီးခါနီးမှာ ရသွားတဲ့ ဦးဆောင်ဂိုးကို ပြန်လည် မချေပနိုင်ခဲ့တာကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာပါ။

Photo Credit: Flip Board

အဆိုပါပွဲမှာ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က အသင်းခေါင်းဆောင် ရိုနယ်ဒိုကို ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ခဲ့ပြီး ဒုတိယပိုင်း ရောက်မှသာ ဝင်ရောက် ကစားခွင့် ပေးခဲ့ကာ ရိုနယ်ဒိုက ပေါ်တူဂီ အတွက် ချေပဂိုး သွင်းယူပေးနိုင်အောင် ကြိုးစား ကစားခဲ့ပေမယ့် သူ့ရဲ့ ကန်သွင်းချက်တွေကို မော်ရိုကို ဂိုးသမား ဘူနော့က အစွမ်းကုန် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ရိုနယ်ဒိုက ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်နေတာကြောင့် ယခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပြီး မော်ရိုကိုကို ရှုံးနိမ့်ခဲ့အပြီးမှာ ရိုနယ်ဒိုဟာ ချုံးပွဲချ ငိုနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ရိုနယ်ဒိုရဲ့ လက်တွဲဖော် ဖြစ်သူ ဂျော်ဂျီနာက ရိုနယ်ဒိုရဲ့ နာကျင်မှုတွေဟာ ပေါ်တူဂီအသင်းမှာ ရှိနေတဲ့ လူတွေရဲ့ ရိုနယ်ဒို အပေါ် မယုံကြည်မှုကြောင့် ဖြစ်လာခဲ့တာလို့ ဝေဖန်လိုက်တာ ဖြစ်ပြီး ရိုနယ်ဒိုကိုသာ ယုံကြည်ခဲ့ရင် အခုလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

Photo Credit: Flip Board

ဂျော်ဂျီနာက – “ဒီနေ့ ရှင့်ရဲ့ သူငယ်ချင်းတွေရော ၊ နည်းပြကပါ အမှားတွေ ကျူးလွန်မိခဲ့ကြတယ်။ ရှင့်ကို လေးစားပါတယ် ၊ ချီးကျူးပါတယ်လို့ ပြောခဲ့တဲ့ သူငယ်ချင်းတွေကပဲ ရှင့်အပေါ် သဘောထားတွေ ပြောင်းလဲသွားကြတယ်။ ရှင့်ကို ကွင်းထဲ ထည့်လိုက်တဲ့ အချိန်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာခဲ့ပေမယ့် အရာရာက နောက်ကျသွားပြီလေ။ လူတွေကို ပြောချင်တာက ကမ္ဘာ့အကောင်းဆုံး ကစားသမားကို အထင်မသေးကြနဲ့ ဆိုတာပါပဲ။ ကိုယ့်မှာ အားအကောင်းဆုံး လက်နက် ရှိနေတာကို မထုတ်သုံးခဲ့တဲ့ လူတယောက် (ပေါ်တူဂီနည်းပြ ဆန်းတို့စ်အား ရည်ရွယ်လျက်) အတွက် ဘာမှ ကာကွယ်ပေးစရာ မလိုပါဘူး” လို့ သူမရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသား ဖော်ပြသွားခဲ့တာပါ။