ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ဆော်ဒီ ကလပ်အသင်းများကနေ မက်မောလောက်စရာ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ကြပေမယ့်လည်း ပေါ့ဘာကိုယ်တိုင်ကတော့ ဒီကမ်းလှမ်းမှုတွေကို စိတ်မဝင်စားပဲ ဂျုဗင်တပ်စ်မှာသာ ဆက်လက် ကစားသွားဖွယ်သာ ရှိနေပါတယ်။

Photo Credit : Sporting News

ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့နှစ် နွေဈေးကွက်ကမှ သူ့အသင်းဟောင်း ဂျုဗင်တပ်စ်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲမှာပင် ဒဏ်ရာရသွားခဲ့လို့ ပွဲပေါင်းများစွာ လွဲချော်ခဲ့ရတဲ့အပြင် တစ်ရာသီလုံးမှာလည်း (၁၆၁)မိနစ်ခန့်သာ ကစားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ဂျုဗင်တပ်စ်ဘက်က အခု နွေဈေးကွက်ထဲမှာ ပေါ့ဘာကို ပြန်လည် ရောင်းထုတ်ဖို့ ဆန္ဒရှိလာခဲ့ပြီး ဒီအခြေအနေကိုလည်း ဆော်ဒီကလပ်တွေက စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက် (၃၀)အရွယ်ရှိ ပေါ့ဘာဟာ ဂျုဗင်တပ်စ်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်ပေမယ့်လည်း ဂျုဗင်တပ်စ်ကတော့ ပေါ့ဘာကို ရောင်းချပြီး သူ့နေရာမှာ လာဇီယိုက ဆာဘီးယား ကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်ကို ပြန်အစားထိုးသွားချင်နေပါတယ်။ ဒါကြောင့်လည်း ဒီနွေမှာ အသုံးစရိတ်ပေါင်း ယူရို သန်း (၁၅၀)နီးပါးလောက်အထိ အသုံးပြုထားတဲ့ ဆော်ဒီပရိုလိဂ် အသင်းတွေက ပေါ့ဘာကို ခေါ်ယူဖို့အတွက် အပြိုင် ချဉ်းကပ်လာခဲ့ပြီး ပေါ့ဘာကိုယ်တိုင်ကတော့ ဆော်ဒီကို မသွား ၊ အသင်းလည်း မပြောင်းပဲ ဂျုဗင်နဲ့သာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းချင်နေပါတယ်။

ဒါကြောင့်ပဲ ပေါ့ဘာက အားလပ်ရက်တောင် သိပ်မယူပဲ အသင်းနဲ့ ပူးပေါင်းရမယ့် ရက်ထက် (၁)ပတ်ခန့် စောစောစီးစီး လာရောက် ပူးပေါင်းနေခဲ့ပြီး လာမယ့် ရာသီမှာ အသင်းအတွက် အဆင့်သင့် ဖြစ်နေအောင် ကြိုးစား ပြင်ဆင်နေပါတယ်။