မနေ့ညက စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ကစားသွားခဲ့တဲ့ နယူးကာဆယ် နဲ့ ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်မှာ အိမ်ရှင် နယူးကာဆယ်အသင်းက ဒုတိယပိုင်း သွင်းဂိုးများနဲ့ ချယ်လ်ဆီးကို (4-1) ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက ပထမပိုင်း ပွဲချိန်အတွင်း ပုံစံကောင်းတချို့ ပြသပြီး ကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ကစားသမားတွေရဲ့ တစ်ဦးချင်း အမှားတွေ အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ရဲ့ မလိုအပ်ပဲ ကစားပုံ ကြမ်းမှုကြောင့် အနီကတ်ထိပြီး တစ်ယောက်လျော့သွားတာတွေက ချယ်လ်ဆီးကို အခုလို ဂိုးပြတ်ရှုံးဖို့ အကြောင်းဖန်သွားခဲ့ရပါတယ်။

Photo Credit : We Ain’t Got No History

တကယ်ဆိုရင် ချယ်လ်ဆီးဟာ ဒီရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး အာဆင်နယ် လီဗာပူးလ်တို့ကို သရေကစားထားနိုင်သလို စပါးကိုလည်း ဒီရာသီရဲ့ ပထမဆုံး လိဂ်ရှုံးပွဲ ကြုံတွေ့စေခဲ့တဲ့ အသင်း ဖြစ်ခဲ့ပေမယ့်လည်း နယူးကာဆယ်ကိုတော့ ဒုတိယပိုင်း စက္ကန့် (၉၀)အတွင်း ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုး (၂)ဂိုးကြောင့် အခုလို ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ပွဲကို ကြီးကြပ်ခွင့် မရရှိခဲ့တဲ့ နည်းပြ ပိုချက်တီနိုက “ဒီပွဲက ဒီနှစ် ဘောလုံးရာသီ ကျွန်တော်တို့အသင်းရဲ့ အစုတ်ပြတ်ဆုံးသော ပွဲစဉ်ပါပဲ။ အရေးကြီးတာ တစ်ခုခုအတွက် ကစားနေတယ် ဆိုတာမျိုးတောင် မပြသနိုင်ခဲ့ဘူး။ ကစားသမားတွေက ငယ်ရွယ်ကြတယ်ဆိုတာ မှန်ပေမယ့် ဒီလို ကစားတာမျိုးကတော့ ကျွန်တော့်ကို စိတ်ဆိုးစိတ်ပျက်မိစေတယ်။”

Photo Credit : Fabrizio Romano

“ကျွန်တော်တို့က ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးဆိုတာတွေကို ပြသနိုင်ဖို့ အခွင့်အရေးတွေ ရလာတိုင်းမှာ လွဲချော်လို့ မရပါဘူး။ ကစားသမားတွေအနေနဲ့ ငယ်ရွယ်ကြတယ် ဆိုပေမယ့်လည်း ဒီလို အခြေအနေမျိုးကိုတော့ နားလည်ရပါမယ်။”

“ဒါပေမယ့် ကစားသမား တစ်ဦးတစ်ယောက်ကိုတော့ အပြစ်တင်လို့ မရနိုင်ပါဘူး။ တစ်သင်းလုံး စည်းစည်းလုံးလုံး ရှိနေရပါမယ်။ ဒီရှုံးပွဲကနေ အမှားတွေ လေ့လာသင်ယူဖို့ နဲ့ ပိုမို ယှဉ်ပြိုင်တက်ဖို့ လိုအပ်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။