ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြသစ် ပိုချက်တီနိုက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးနဲ့ ပွဲစဉ်မှာ သူတို့အသင်းက လီဗာပူးကို အနိုင်ရခဲ့သင့်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁) အဖြစ် ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြကာ လီဗာပူးက ကစားသမားသစ်တွေ ဖြစ်တဲ့ အယ်လစ္စတာနဲ့ ဆိုဘော့ဇလိုင်းတို့ကို ပွဲထွက်လူစာရင်းမှာ သုံးခဲ့သလို ချယ်လ်ဆီးကလည်း ဒီဆာဆီ ၊ ဂျက်ဆန် စတဲ့ ကစားသမားတွေကို သုံးခဲ့ပါတယ်။

Photo Credit: Standard

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့တာကြောင့် ပွဲက အတော်လေးကို မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ် ၊ ဂါလက်ချာ ၊ ချူဟွေမီကာတို့ သုံးဦး ပါဝင်တဲ့ ချယ်လ်ဆီးကွင်းလယ်က အယ်လစ္စတာနဲ့ ဆိုဘော့ဇလိုင်းတို့ နှစ်ဦးထဲသာ ပါဝင်လာတဲ့ လီဗာပူးကွင်းလယ်ကို ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။

တဖက်မှာလည်း ဆာလာ ၊ ဂျိုတာ ၊ ဒီယက်ဇ် ၊ ဂတ်ပို စတဲ့ ကစားသမား ၄ဦး အထိ ပါဝင်လာတဲ့ လီဗာပူးရဲ့ တိုက်စစ်ပိုင်းက စတာလင်းနဲ့ ဂျက်ဆန်တို့ နှစ်ဦးထဲသာ ပါဝင်တဲ့ ချယ်လ်ဆီးရဲ့ တိုက်စစ်ပိုင်းထက် ပိုကောင်းခဲ့ပြီး လီဗာပူးအတွက် အဖွင့်ဂိုးကိုလည်း ဆာလာရဲ့ ပေးပို့မှုကနေ ဒီယက်ဇ်က ပွဲချိန် ၁၈မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးရဲ့ ချေပဂိုးကိုတော့ ပွဲချိန် ၃၇မိနစ်မှာ နောက်ခံလူသစ် ဒီဆာဆီက သွင်းယူပေးခဲ့တာ ဖြစ်ပြီး တဖက် တဂိုးစီ သရေကျခဲ့ပြီးနောက် နှစ်သင်းစလုံးက အပိုင်ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မသွင်းနိုင်ခဲ့တာကြောင့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

ချယ်လ်ဆီး ၁-၁ လီဗာပူး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုက သရေရလဒ်ဟာ မျှတတဲ့ ရလဒ်တခု မဟုတ်ပဲ သူတို့အသင်းက အနိုင်ရလဒ်ကို ရခဲ့သင့်ကြောင်း ဆိုလာပါတယ်။ ပိုချက်တီနိုက – “ကျွန်တော်ကတော့ သရေရလဒ်ဟာ သင့်တော်တဲ့ ရလဒ်တခုလို့ မထင်ပါဘူး။ ကျွန်တော်တို့က သရေရလဒ်ထက် ပိုသာတဲ့ ရလဒ်မျိုး ရခဲ့သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ကစားပုံအတွက် ကျေနပ်မိပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ ကျွန်တော်တို့က အနိုင်ရလဒ်ကို လိုချင်ခဲ့ပေမယ့် မရခဲ့လို့ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့က နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။