ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြသစ် ပိုချက်တီနိုက ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီး ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ လူကာကူရဲ့ ချယ်လ်ဆီး ကစားသမားဘဝဟာ ပြီးဆုံးသွားပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ချယ်လ်ဆီးဆီ ၂ကြိမ်တိုင်တိုင် ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး လူကာကူဟာ ၂၀၁၁ခုနှစ် ကနေ ၂၀၁၄ခုနှစ် အထိ ချယ်လ်ဆီးမှာ ပါဝင် ကစားခဲ့သလို ၂၀၂၁ခုနှစ်မှာလည်း အင်တာမီလန် ကနေ ချယ်လ်ဆီးဆီ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Goal

လူကာကူက ချယ်လ်ဆီးရဲ့ ကစားသမား အဖြစ် ၇နှစ်ကြာအောင် ပါဝင်ခွင့် ရခဲ့ပေမယ့် ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၅၉ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၁၅ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ လူကာကူကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး လူကာကူကလည်း ချယ်လ်ဆီးကို စွန့်ခွာကာ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကလည်း လူကာကူရဲ့ ချယ်လ်ဆီး ကစားသမားဘဝဟာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်းနဲ့ လူကာကူဟာ မကြာခင်မှာ အသင်းပြောင်းဖို့ ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “လူကာကူနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချရတာက ကလပ်ပါပဲ။ အခု လူကာကူရဲ့ အခြေအနေက စိတ်ဝင်စားစရာ ကောင်းတဲ့ အဆင့်မျိုး ရောက်နေပါပြီ။ အပြောင်းအရွှေ့ တခု ဖြစ်မြောက်ဖို့ ဆိုရင် ပါဝင်တဲ့ လူတွေ အားလုံး သဘောတူတဲ့ သဘောတူညီချက် တခု ရဖို့ လိုပါတယ်။ အခုချိန်မှာ လူကာကူနဲ့ တာဝန်ရှိသူတွေက သင့်တော်တဲ့ အဖြေတခု ရအောင် အစွမ်းကုန် ကြိုးစားနေကြပါတယ်။ လူကာကူကတော့ အသင်းကနေ ထွက်ဖို့ ဆုံးဖြတ်ချက် ချပြီးသွားပြီလို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်ပြီး လှုပ်ရှားပေးဖို့ လိုပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။