ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစမှာ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ စီးတီး ကနေ သူတို့အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ လူငယ်ကြယ်ပွင့် ကိုးလ် ပါလ်မာဟာ အခုလောက်အထိ ခြေစွမ်းပြ ကစားနေလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်တောင်ပံတိုက်စစ် ကစားသမား ကိုးလ် ပါလ်မာက မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ကစားသမား ဖြစ်ပြီး သူက နွေဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာ မန်ချက်စတာ စီးတီး ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၄၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Metro

ချယ်လ်ဆီးက ကိုးလ် ပါလ်မာကို လူငယ်ကြယ်ပွင့် တဦး အဖြစ် ရှုမြင်ပြီး ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ပါလ်မာကတော့ ချယ်လ်ဆီးထံ ရောက်ရှိပြီးနောက် ဝင်ကစားခွင့် ရတဲ့ ပွဲစဉ်တိုင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပြီး အခုချိန်မှာ သူက ချယ်လ်ဆီးရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်နေပါပြီ။

ကိုးလ် ပါလ်မာက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၃ကြိမ် ရရှိထားပြီး သူက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားစာရင်းကို အသင်းဖော်ဟောင်း မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့အတူ ဦးဆောင်ထားနိုင်ပါတယ်။

သူ့ရဲ့ခြေစွမ်းကောင်းတွေကြောင့်ပဲ ပါလ်မာရဲ့ တန်ကြေးက တဟုန်ထိုး တက်လာခဲ့သလို ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကလည်း သူတို့ဟာ ပါလ်မာကို စခေါ်ချိန်မှာ အချိန်တိုအတွင်း အသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်လာတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသလိမ့်မယ်လို့ မထင်ထားခဲ့ကြောင်း ဝန်ခံလာပါတယ်။

Photo Credit: Goal

ပိုချက်တီနိုက – “ကိုးလ် ပါလ်မာက ကျွန်တော်တို့တွေ သူ့ကို ခေါ်ယူချိန်မှာ ထားခဲ့တဲ့ မျှော်မှန်းချက်တွေထက် အများကြီး ပိုမြင့်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တာပါ။ ဒါက ကျွန်တော် အရိုးသားဆုံး ဝန်ခံတာပါ။ သူ့ရဲ့ မှတ်တမ်းတွေက သူဟာ ဘယ်လောက်အထိ အလုပ်ကြိုးစားသလဲ ဆိုတာကို သက်သေပြနေသလို သူက အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသနေတာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ယနေ့ညမှာတော့ ကိုးလ် ပါလ်မာက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ အဖြစ် သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ စီးတီးကို ပြန်လည် ရင်ဆိုင်ရဖို့ ရှိနေပြီး ပါလ်မာက မန်ချက်စတာ စီးတီးအား သူ့ကို စွန့်လွှတ်ခဲ့တဲ့ အတွက် နောင်တရသွားစေမယ့် ခြေစွမ်းမျိုးတွေ ပြသနိုင်မလား ဆိုတာ စောင့်ကြည့်သွားရပါမယ်။