ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ လူတန်တောင်းနဲ့ ပွဲစဉ်မှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင် ၃မှတ် သိမ်းယူနိုင်ခဲ့ပေမယ့် သူ့အသင်းရဲ့ ခြေစွမ်းပိုင်းကို အားမရသေးဘူးလို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ဒီရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေပေမယ့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ခြေစွာနေတဲ့ လူတန်တောင်းကို အဝေးကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

လူတန်တောင်းနဲ့ ချယ်လ်ဆီး ပွဲစဉ်မှာ ပိုချက်တီနိုက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင် ၃မှတ် ရရှိရေး အတွက် စီစဉ်ခဲ့ပြီး မာဒူအက်ခီ ၊ ဂျက်ဆန်နဲ့ ပါလ်မာတို့ ဦးဆောင်လာတဲ့ ချယ်လ်ဆီးရဲ့ တိုက်စစ်ဟာ အတော်လေးကို ထက်မြက်ခဲ့ကာ ပထမပိုင်းမှာတင် ပါလ်မာနဲ့ မာဒူအက်ခီတို့က ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပွဲချိန် ၇၀မိနစ်မှာ ပါလ်မာက ချယ်လ်ဆီးအတွက် တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါသေးတယ်။ ၀-၃ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ ချယ်လ်ဆီးက အလွယ်တကူ အနိုင်ရသွားပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် လူတန်တောင်း ကစားသမားတွေက မဆုတ်မနစ် ကြိုးစားခဲ့တာကြောင့် ပွဲချိန် မိနစ် ၈၀ကျော်မှာ လူတန်တောင်းဟာ ချေပဂိုး ၂ဂိုး ပြန်သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: L’equipe

ဒါကြောင့်ပဲ ချယ်လ်ဆီးက လက်ကျန် ပွဲချိန် ၁၀မိနစ် ဝန်းကျင်မှာ ချေပဂိုး တဂိုး ထပ်မပေးရဖို့ အသည်းအသန် ကာကွယ် ကစားခဲ့ရပြီး ပွဲပြီးဆုံးချိန်မှာတော့ ပိုချက်တီနိုက ဦးဆောင်ဂိုး ၃ဂိုး သွင်းယူပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတဲ့ အတွက် အသင်းရဲ့ ခြေစွမ်းပိုင်းကို အားမရသေးဘူးလို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး ကောင်းပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က ပြိုင်ဘက်ကို ဖြတ်တင်ဘောတွေ ၊ ထောင့်ကန်ဘောတွေ ခွင့်ပြုပေးခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားတွေက ၀-၃ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ ပွဲပြီးသွားပြီလို့ ထင်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲချိန် မပြည့်မချင်း ဘယ်တုန်းကမှ ပွဲမပြီးပါဘူး။ ကျွန်တော်တို့က ဒီလို အခြေအနေမျိုးတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့ လိုပါတယ်” လို့ ပြောကာ သူ့အသင်းရဲ့ အားနည်းချက်ကို ထောက်ပြသွားခဲ့တာပါ။