ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းဟာ ဒီရာသီမှာ အလွတ် တည်ကန်ဘောတွေ ၊ ထောင့်ကန်ဘောတွေ ကနေ သွင်းဂိုးတွေ များများစားစား သွင်းယူနိုင်ခြင်း မရှိတာဟာ တည်ကန်ဘော ကန်ရာမှာ ထူးချွန်တဲ့ ကစားသမား မရှိလို့ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ငြီးတွားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ပြောင်းရွှေ့ကြေး ပေါင် ၃၅၀သန်းကျော် အသုံးပြုကာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး တိုက်စစ်ပိုင်းက သွင်းဂိုးတွေ နည်းပါးနေသလို ခံစစ်ပိုင်းကလည်း ဂိုးတွေ ဒလဟော ခွင့်ပြုပေးနေရပါတယ်။

Photo Credit: The Times

ချယ်လ်ဆီးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၂ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၃၆ဂိုးသာ သွင်းယူထားနိုင်တာကြောင့် တပွဲပျမ်းမျှသွင်းဂိုး ၁.၆ဂိုးနှုန်းသာ သွင်းယူထားနိုင်သလို သူတို့အသင်းရဲ့ သွင်းဂိုးတွေထဲမှာ တည်ကန်ဘောတွေ ၊ ထောင့်ကန်ဘောတွေ ကနေ ရရှိတဲ့ သွင်းဂိုးအရေအတွက်ကလည်း လက်ချိုးရေလို့ ရတဲ့ အထိ နည်းပါးပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးပရိသတ်တွေက သူတို့အသင်းဟာ တည်ကန်ဘောတွေ ၊ ထောင့်ကန်ဘောတွေ ကနေ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်ကြောင်း ထောက်ပြ ဝေဖန်နေကြပြီး ပိုချက်တီနိုကတော့ သူတို့နည်းပြအဖွဲ့က တည်ကန်ဘောတွေ ၊ ထောင့်ကန်ဘောတွေ အတွက် ပြင်ဆင်မှုတွေ လုပ်ပေးပေမယ့် တည်ကန်ဘော ကန်ရာမှာ ထူးချွန်တဲ့ ကစားသမားမျိုး မရှိတာကြောင့် တည်ကန်ဘောတွေ ကနေ ဂိုးတွေ သိပ်မရတာ ဖြစ်ကြောင်း ဆင်ခြေပေးလာပါတယ်။

Photo Credit: Sky Sports

ပိုချက်တီနိုက – “လေ့ကျင့်ရေးကွင်းမှာ ဆိုရင် ကျွန်တော်တို့က တည်ကန်ဘောတွေ ၊ ထောင့်ကန်ဘောတွေ အတွက် သီးသန့် အချိန်ပေးပြီး လေ့ကျင့်ကြပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပြအဖွဲ့ထဲမှာ တည်ကန်ဘောနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့လူတွေ ပါပါတယ်။ ကျွန်တော်တို့ နည်းပြအဖွဲ့က ဖြစ်လာနိုင်သမျှ အရာအားလုံး အတွက် ကြိုတင် စဉ်းစားပြီး ကစားသမားတွေကို သင်ပေးပါတယ်။ ကျွန်တော်တို့မှာ ပြိုင်ဘက်ရဲ့ ကစားဟန်ကို လေ့လာ အကဲခတ်တဲ့ အဖွဲ့လည်း ရှိပါတယ်။ ခက်တာက ကျွန်တော်တို့ ကစားသမားတွေရဲ့ အရည်အသွေးပိုင်းမှာ လိုအပ်ချက် ရှိနေတာပါပဲ။ ကျွန်တော်တို့မှာ တည်ကန်ဘော ကန်တာ ကောင်းတဲ့ ကစားသမား မရှိပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။

လတ်တလောမှာ ချယ်လ်ဆီးရဲ့ တည်ကန်ဘောတွေ ၊ ထောင့်ကန်ဘောတွေကို ဘယ်နောက်ခံလူ ဘန် ချီဝဲလ်နဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်တို့က အဓိက တာဝန်ယူ ကန်သွင်းနေပြီး သူတို့နှစ်ဦးက ဒီရာသီမှာ နှစ်ဦးပေါင်းမှ ဂိုးဖန်တီးမှု ၁ကြိမ်ပဲ ရရှိထားပါတယ်။