ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ မော်ရီစီယို ပိုချက်တီနိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၃-၂ ဘရိုက်တန် ပွဲစဉ်မှာ သူတို့ရဲ့ အသင်းခေါင်းဆောင် ဂါလက်ချာကို ပထမပိုင်းမှာပဲ ၂ဝါ ၊ ၁နီနဲ့ ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဘူးလို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဘရိုက်တန်ကို ဧည့်ခံ ကစားခဲ့ရပြီး ပိုချက်တီနိုက အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးကာ ဘရိုက်တန်ကို ယှဉ်ပြိုင်စေခဲ့ပါတယ်။

Photo Credit: Goal

လူစုံတက်စုံ ပါဝင်လာတာကြောင့် ချယ်လ်ဆီးရဲ့ ကစားကွက်က အတော်လေးကို ကောင်းမွန်နေခဲ့သလို ပွဲချိန် ၁၇မိနစ်နဲ့ ၂၁မိနစ်တို့မှာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ကိုးဝဲလ်တို့က ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။ ၂ဂိုးပြတ်နဲ့ ဦးဆောင်ခွင့် ရပြီးနောက် ချယ်လ်ဆီးက ကစားအား လျှော့လိုက်တာကြောင့် ဘရိုက်တန်က တိုက်စစ်ဆင်မှုတွေ ပြန်လုပ်လာခဲ့ပြီး ပွဲချိန် ၄၃မိနစ်မှာ လူငယ်ကြယ်ပွင့် ဘူနာနော့တီက ဘရိုက်တန် အတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပွဲဟာ ပြန်မြိုင်လာခဲ့ပါတယ်။

ပွဲချိန် ၄၅မိနစ်မှာတော့ ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂါလက်ချာက ဘရိုက်တန် ကွင်းလယ်လူ ဂေးလ်မာကို ကွင်းလယ်ဗဟိုစည်းနားမှာ ဖျက်ထုတ်မှု လုပ်ခဲ့ရာမှ ဒုတိယ အဝါကတ် ထိခဲ့တာကြောင့် ၂ဝါ ၊ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး အိမ်ရှင် ချယ်လ်ဆီးတို့ ဒုတိယပိုင်း တပိုင်းလုံးကို ၁ယောက်လျော့ အနေအထားနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

Photo Credit: Tribuna

တယောက်လျော့သွားပေမယ့် ပွဲချိန် ၆၄မိနစ်မှာ မူဒရစ်ခ်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် ချယ်လ်ဆီးတို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါပင်နယ်တီကို အန်ဇို ဖာနန်ဒက်ဇ်က အကောင်းဆုံး အဆုံးသတ်ကာ ချယ်လ်ဆီးအတွက် အနိုင်သေချာစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၉၀+၂မိနစ်မှာ ပက်ဒရိုက ဘရိုက်တန် အတွက် ချေပဂိုး ၁ဂိုး ပြန်သွင်းပေးခဲ့ပေမယ့် ဧည့်သည်တွေက လိုအပ်နေတဲ့ နောက်ထပ် ချေပဂိုး ၁ဂိုး ထပ်မသွင်းနိုင်ခဲ့တာကြောင့် အရှုံးရလဒ်ကို ရင်မှာ ပိုက်ပြီး အိမ်ပြန်ခဲ့ရပါတယ်။

ချယ်လ်ဆီး ၃-၂ ဘရိုက်တန် ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုက ဂါလက်ချာရဲ့ ဒုတိယမြောက် အဝါကတ် အတွက် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ပိုချက်တီနိုက – “ကျွန်တော်ကတော့ ဂါလက်ချာကို အနီကတ် ပြလိုက်တဲ့ ဆုံးဖြတ်ချက်ကို မယုံကြည်နိုင်ပါဘူး။ ကျွန်တော်က ဂါလက်ချာရဲ့ ဖျက်ထုတ်မှုကို နောက်ထပ်တကြိမ် ပြန်ကြည့်ပါဦးမယ်။ ကျွန်တော်တို့က ဒိုင်တွေကို နားလည်ပေးသလို ဒိုင်တွေကလည်း ကျွန်တော်တို့ကို နားလည်မှု ပေးသင့်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။