ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ဒူးဆစ်အရွတ် ပြတ်တောက်ဒဏ်ရာကြောင့် တရာသီလုံး နားနေရတဲ့ ဗဟိုခံစစ်မှူး ဝက်စ်လေ ဖိုဖာနာဟာ လက်ကျန် ရာသီဝက်မှာလည်း အသင်းအတွက် ပြန်ကစားပေးနိုင်မှာ မဟုတ်ပဲ ရာသီသစ် ရောက်မှသာ မြက်ခင်းစိမ်းပေါ် ခြေပြန်ချနိုင်မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ ဖိုဖာနာက ၂၀၂၂ခုနှစ် နွေဈေးကွက်မှာ လက်စတာ စီးတီး ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football London

ဖိုဖာနာက ဘောလုံးကိုင် ကစားရာမှာ ထူးချွန်တဲ့ အရည်အသွေးမြင့် ဗဟိုနောက်ခံလူ ဖြစ်ပေမယ့် မကြာခဏ ဒဏ်ရာရလေ့ ရှိပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဒူးဒဏ်ရာကြောင့် ရက်ပေါင်း ၁၂၀ကျော် အနားယူခဲ့ရပါတယ်။

၂၀၂၃ခုနှစ် ဇူလိုင်လ ၁၇ရက်နေ့မှာတော့ ဖိုဖာနာက သူ့ကို ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ တခုလုံးအား လွဲချော်သွားစေမယ့် ဒူးဆစ်အရွတ် ပြတ်တောက်ဒဏ်ရာကို ရရှိခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် ဖိုဖာနာဟာ ရက်ပေါင်း ၂၂၉ရက်ကြာ မြက်ခင်းစိမ်းနဲ့ ဝေးကွာနေခဲ့ပါတယ်။

Photo Credit: Tribuna

ဖိုဖာနာဟာ ဒူးဆစ်အရွတ် ပြတ်တောက်ဒဏ်ရာကြောင့် ၈လကြာ အနားယူခဲ့ရပေမယ့် ယခုအချိန်အထိ ဒဏ်ရာကနေ ပြန်လည် သက်သာလာခြင်း မရှိသေးပဲ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကတော့ ဖိုဖာနာရဲ့ ဒဏ်ရာဟာ ပြင်းထန်လွန်းတာကြောင့် ဖိုဖာနာဟာ ရာသီသစ်မှသာ ချယ်လ်ဆီးအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ ဘရန့်ဖို့ဒ်နဲ့ ချယ်လ်ဆီး ပွဲစဉ်အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်ကတော့ ဒီရာသီ မကုန်ခင်မှာ ဖိုဖာနာကို အသင်းနဲ့အတူ ပြန်တွေ့ခွင့် ရမယ်လို့ မထင်ပါဘူး။ ဒါက ကံမကောင်းတာပါပဲ။ သူ ဘယ်အချိန်မှ ပြန်သက်သာလာမလဲ ဆိုတာ ဘယ်သူမှ အတိအကျ မသိသေးပါဘူး။ ဒါပေမယ့် လောလောဆယ်တော့ သူက ရာသီသစ်မှ ပြန်ကစားနိုင်မယ်လို့ပဲ သိထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။