ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ မော်ရီစီယို ပိုချက်တီနိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၄-၄ မန်ချက်စတာ စီးတီး ပွဲပြီးဆုံးချိန်မှာ ပြိုင်ဘက်အသင်းရဲ့ နည်းပြချုပ် ဂွာဒီယိုလာကို လက်ဆွဲ နှုတ်ဆက်ဖို့ ပျက်ကွက်ခဲ့မှု အတွက် ဂွာဒီယိုလာကို ပြန်လည် တောင်းပန်ချင်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးနဲ့ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက အနိုင်ရရှိရေး အတွက် ဦးတည် ကြိုးစား ကစားခဲ့ကြတာကြောင့် ပွဲက အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: News Straits Time

ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးတို့ နှစ်သင်းစလုံးက တသင်းနဲ့ တသင်း ရှိန်မနေပဲ အခွင့်အရေး ရတိုင်း တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲအရှိန်ဟာ အတော်လေး မြန်ဆန်ခဲ့သလို နှစ်သင်းပေါင်း သွင်းဂိုး ၈ဂိုး အထိ သွင်းယူခဲ့တာကြောင့် ပရိသတ်အကြိုက် ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီး ၄-၄ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ နှစ်ဖက် ကစားသမားတွေရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်တာကြောင့် ကွင်းထဲမှာ မကြာခဏ အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြသလို နှစ်ဖက် နည်းပြအဖွဲ့ဝင်တွေနဲ့ ဒိုင်လူကြီးတွေ ကြားထဲမှာလည်း အပြန်အလှန် စကားပြောဆိုမှုတွေ ရှိခဲ့ကြပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက ကွင်းလယ်ဒိုင် အန်တိုနီ တေလာဆီ သွားကာ ပွဲတွင်း ဆုံးဖြတ်ချက် တချို့နဲ့ ပတ်သတ်ပြီး မကျေနပ်ကြောင်း သွားပြောခဲ့ပါတယ်။ ပိုချက်တီနိုက အန်တိုနီ တေလာဆီ သွားကာ စောဒက တက်နေခဲ့တာကြောင့် ပြိုင်ဘက် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဂွာဒီယိုလာကို လက်ဆွဲ မနှုတ်ဆက်လိုက်ရပါဘူး။

ပွဲပြီးအင်တာဗျူးမှာတော့ ပိုချက်တီနိုက သူ့ရဲ့ အပြုအမူ အတွက် အန်တိုနီ တေလာနဲ့ ဂွာဒီယိုလာတို့ နှစ်ဦးစလုံးကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။ ပိုချက်တီနိုက – “ကျွန်တော့်ရဲ့ စောဒကတက်မှုကြောင့် အဝါကတ်ပြခံရတာကို လက်ခံပါတယ်။ ကျွန်တော့်ရဲ့ အပြုအမူတွေက မကောင်းခဲ့တဲ့ အတွက် အန်တိုနီ တေလာကို တောင်းပန်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်က ဂွာဒီယိုလာကိုလည်း တောင်းပန်ချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။