ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းဟာ ပရဟိတ ဘောလုံးအသင်း မဟုတ်တာကြောင့် အသင်းဆီ ရောက်လာတဲ့ ကစားသမားတိုင်းဟာ ပွဲတိုင်းကို အနိုင်ကန်ဖို့ ဆုံးဖြတ်ထားရမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပါးနဲ့ ပီအက်စ်ဂျီတို့ရဲ့ ပဲ့ကိုင်ရှင်ဟောင်း ပိုချက်တီနိုက ပြီးခဲ့တဲ့ ၇လပိုင်းမှ စတင်ကာ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက အပြောင်းအရွှေ့စရိတ် ပေါင် ၃၀၀သန်းကျော် သုံးစွဲခဲ့ပေမယ့် အခုချိန်အထိ ထိုက်တန်တဲ့ ရလဒ်ကောင်းတွေ မရသေးပါဘူး။

Photo Credit: Sky Sports

ချယ်လ်ဆီးက ဒီရာသီမှာ ဥရောပပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရထားတာကြောင့် ပြည်တွင်းပြိုင်ပွဲတွေကိုသာ အားပြု ယှဉ်ပြိုင်နေရပြီး ချယ်လ်ဆီးဟာ EFLပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်နေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းဟာ လက်ကျန်ပွဲတွေမှာ ပွဲတိုင်းကို အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားရမှာ ဖြစ်ပြီး သူတို့အသင်းဟာ ပရဟိတအသင်း မဟုတ်တာကြောင့် ကစားသမားတွေအနေနဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ အားသွန်ခွန်စိုက် ကြိုးစားရမယ်လို့ ဆိုလာပါတယ်။

Photo Credit: Reuters

ပိုချက်တီနိုက – “ကစားသမားတွေက ကျွန်တော်တို့အသင်းဟာ ပရဟိတအသင်း မဟုတ်ဘူး ဆိုတာကို နားလည်ထားဖို့ လိုပါမယ်။ ကျွန်တော်တို့ရဲ့ တာဝန်က ပွဲရှိတဲ့ နေရာတွေဆီ သွားပြီး ဘောလုံးကန်ရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့က အနိုင်ရလဒ်တွေ ရဖို့ လိုတယ်။ ပွဲတိုင်းကို အနိုင်ကန်ရပါမယ်။ ဒါကြောင့် တခါတလေမှာ ကျွန်တော်က ကစားသမား တချို့ကို အတော်လေး စိတ်ပျက်မိပါတယ်။ ပြီးတော့ ကစားသမားတွေရဲ့ အနားမှာ ရှိနေတဲ့ လူတွေကိုရောပဲ။ ကစားသမားတွေက မကစားရလို့ စောဒက မတက်သင့်ပါဘူး။ ကစားခွင့် ရအောင် ဘယ်လိုကြိုးစားမလဲ ဆိုတာကိုပဲ စဉ်းစားရမှာပါ။ ကျွန်တော်ကလည်း သုံးလို့ ရတဲ့ ကစားသမား တယောက်ကို မသုံးနိုင်တဲ့ အတွက် စိတ်ပျက်ရပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နေရာနဲ့ ရမှတ် ၁၂မှတ် ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ရင် လက်ကျန်ပွဲတွေ အားလုံးမှာ အမှားအယွင်း မရှိ ကစားနိုင်ဖို့ လိုပါတယ်။