ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၂)မှာ လီဗာပူးကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ၊ ခြေပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ လီဗာပူးကို အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့ဘူးလို့ ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးတို့က လီဗာပူးရဲ့ အန်ဖီးလ်ကွင်းမှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြကာ အိမ်ရှင် လီဗာပူးက ဧည့်သည် ချယ်လ်ဆီးထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်။

Photo Credit: ESPN

အိမ်ရှင် လီဗာပူးက ပွဲစတာနဲ့ ချယ်လ်ဆီးဘက်ကို လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားခဲ့ပြီး ချယ်လ်ဆီးက ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်တွေနဲ့ လီဗာပူးကို ပြန်လည် ဒုက္ခပေးဖို့ စီစဉ်ခဲ့ပေမယ့် သူတို့ရဲ့ အစီအစဉ်က အလုပ်မဖြစ်ခဲ့ပဲ ပထမပိုင်းမှာတင် ဂျိုတာနဲ့ ဘရက်ဒလေတို့က လီဗာပူးအတွက် ဦးဆောင်ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြကာ လီဗာပူးတိုက်စစ်မှူး နူနက်ဇ်ကတော့ ပထမပိုင်း ပြီးခါနီးမှာ ရခဲ့တဲ့ ပင်နယ်တီကို တိုင်ထိအောင် ကန်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုးပြတ် ရှုံးနိမ့်နေတာကြောင့် ဒုတိယပိုင်းမှာ ချယ်လ်ဆီးက ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ဖို့ တိုက်စစ်ဖွင့် ကစားလာပေမယ့် အိမ်ရှင် လီဗာပူးကသာ ပွဲကို ဆက်လက် စိုးမိုးထားဆဲ ဖြစ်ပြီး ပွဲချိန် ၆၅မိနစ်မှာ ဆိုဘော့ဇလိုင်းနဲ့ ပွဲချိန် ၇၉မိနစ်မှာ ဒီယက်ဇ်တို့က လီဗာပူးအတွက် နောက်ထပ် ဦးဆောင်ဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့ကာ ချယ်လ်ဆီးအတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၇၁မိနစ်မှာ လူစားဝင် တိုက်စစ်မှူး အန်ကွန်ကူက သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

လီဗာပူး ၄-၁ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက သူတို့အသင်းဟာ လီဗာပူးကို အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့ကြောင်း ဝန်ခံသွားသလို ဒီခြေနဲ့သာ ကာရာဘောင်းဗိုလ်လုပွဲမှာ ထပ်ကစားရင် ဒီလိုမျိုး ဂိုးပြတ်ထပ်ရှုံးလိမ့်မယ်လို့ ကစားသမားတွေကို သတိပေးသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “လီဗာပူးက ကျွန်တော်တို့ထက် အများကြီး ပိုကောင်းခဲ့ပါတယ်။ ဒါကြောင့် သူတို့က အနိုင် ၃မှတ်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ လုံလောက်တဲ့ ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပါဘူး။ လီဗာပူးက ကျွန်တော်တို့ထက် နေရာပေါင်းစုံမှာ ပိုကောင်းခဲ့တာကို ဝန်ခံရပါမယ်။ လီဗာပူးလို ခြေစွမ်းကောင်းနေတဲ့အသင်း ၊ အရမ်းကို တည်ငြိမ်နေတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့က ကောင်းမွန်တဲ့ ဒိုင်အဆုံးအဖြတ်တွေ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ကွင်းလယ်ဒိုင်ရဲ့ အဆုံးအဖြတ်တွေက ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ အဆုံးအဖြတ်တွေချည်းပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။