မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရှင်းထုတ်သွားဖွယ် ရှိနေတဲ့ ဂျေဒန် ဆန်ချိုရဲ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ကစားသမား (၃)ဦးကို ချိန်ရွယ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

တောင်ပံကစားသမား ဆန်ချိုရဲ့နေရာမှာ စပိန် တောင်ပံကစားသမားတွေဖြစ်တဲ့ ဗီလာရီးယဲလ်က ယယ်ရီ ပီနို ၊ ဘီလ်ဘာအိုက နီကို ဝီလီယံစ် နဲ့ ကလပ်ဘရုဂေးအသင်းရဲ့ နော်ဝေ တောင်ပံကစားသမား အန်တိုနီယို နူဆာတို့ထဲက တစ်ဦးဦးနဲ့ ပြန်လည် အစားထိုးဖို့အတွက် စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။

Photo Credit : SportsMax

အသက် (၂၃)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုက နည်းပြ တန်ဟက်ဂ်နဲ့ တင်းမာမှုတွေ ရှိနေရာကနေ လာမယ့် ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေပြီး ဆန်ချိုကိုလည်း သူ့အသင်းဟောင်း ဒေါ့မွန်အပြင် ဘာစီလိုနာ နဲ့ ဂျုဗင်တပ်စ်တို့ကပါ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

ယူနိုက်တက်က နည်းပြနဲ့ရော အသင်းနဲ့ပါ အဆင်မပြေနိုင်တော့တဲ့ ဆန်ချိုကို လက်လွတ်ပြီးတာနဲ့ ယူနိုက်တက်က ဆန်ချိုနေရာမှာ အစားထိုးဖို့ တောင်ပံကစားသမား (၃)ယောက်ကို ချိန်ရွယ်နေပြီဖြစ်ပြီး လာမယ့်နွေလောက်မှာပဲ ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

ဒီကစားသမားတွေထဲမှာ နော်ဝေသားလေး နူဆာက အသက်အငယ်ဆုံး ဖြစ်နေပြီး အသက် (၁၈)နှစ်သာ ရှိနေပါသေးတယ်။ နီကို ဝီလီယံစ်ကတော့ ဒီ(၃)ဦးထဲမှာ တန်ကြေး အမြင့်မားဆုံး ကစားသမား ဖြစ်နေပေမယ့်လည်း ဒီနှစ် ဘောလုံးရာသီအကုန်မှာပဲ သူနဲ့ ဘီလ်ဘာအိုအသင်းတို့က စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ အလွတ်ပြောင်းကြေးနဲ့ ခေါ်ယူနိုင်ပါတယ်။

ဒါပေမယ့် ဒီကစားသမားလေးကို ကလပ်အသင်းများစွာက ခေါ်ယူချင်နေကြပြီး ဘီလ်ဘာအိုကလည်း စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လုပ်ဆောင်နေသလို ဗီလာရီးယဲလ် ကြယ်ပွင့်လေး ပီနိုကလည်း ဗီလာရီးယဲလ်အတွက် key player ဖြစ်တဲ့အပြင် အသင်းတိုင်း လိုချင်တဲ့ ကစားသမားမို့ ယူနိုက်တက်အတွက် ခက်ခဲနိုင်ပါတယ်။