အဲဗာတန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်က သူတို့အသင်းအနေနဲ့ မန်ချက်စတာ စီးတီးအသင်း အပါအဝင် ပရီးမီးယားလိဂ်က ဘယ်အသင်းကိုမဆို ကြောက်နေစရာ မရှိဘူးလို့ ကြုံးဝါး ပြောကြားသွားခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ဒီနေ့ည ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ မန်စီးတီးအသင်းကို ဧည့်ခံကစားသွားရမှာ ဖြစ်ပေမယ့် သူတို့အသင်းက လတ်တလောမှာ ရလဒ်တွေ ကောင်းမွန်နေသလို ချယ်လ်ဆီး နဲ့ နယူးကာဆယ်တို့ကိုပါ ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ယူထားပါတယ်။

Photo Credit : Opta Analyst

မန်စီးတီးအသင်းက ဒီနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေပေမယ့်လည်း ဒီ ၂၀၂၃ခုနှစ်ထဲမှာ ဖလား (၅)လုံးထိ စံချိန်တင်အောင် ရယူထားနိုင်တဲ့ ကလပ်အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပစ်ဖို့ဒ်ကတော့ သူတို့ အဲဗာတန်အသင်းက မန်စီးတီးအပြင် ဘယ်အသင်းကိုမှ ကြောက်နေမှာ မဟုတ်ဘူးလို့ ပြောဆိုလာခဲ့ပါတယ်။

“ဒါက ကျွန်တော်တို့ ယုံကြည်မှု မြင့်မားနေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိနေပြီ ဆိုတာကိုတော့ သိထားပါတယ်။ ကျွန်တော်တို့ ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းက အဆင့်တစ်ခုမှာ ရှိနေပြီဆိုတာကို လေ့ကျင့်ခန်းတွေဆင်းရင်း သိလာခဲ့ရတယ်။ အသင်းအတွက်ကိုလည်း အကောင်းဆုံး ပေးဆပ်သွားဖို့ အဆင့်သင့်ပါပဲ။”

Photo Credit : Everton News

“ကျွန်တော်တို့ရဲ့ အထူး ရည်မှန်းချက်ကတော့ ပွဲအတွင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့နဲ့ နိုင်ပွဲတွေ ရယူဖို့ပါပဲ။ ကျွန်တော်တို့ရဲ့ ကွင်း ပတ်ပတ်လည်မှာလည်း ကျွန်တော်တို့ကို အကြိတ်အနယ် အားပေးနေကြတဲ့ ပရိသတ်ထုကြီးလည်း ရှိနေပါတယ်။ အားလုံးဟာ အတူတကွ ရှိနေကြတယ်ဆိုတာကိုလည်း မြင်တွေ့နိုင်ပါတယ်။”

“အသင်းသားတွေ အချင်းချင်းလည်း ရိုင်းပင်း ကူညီပြီးတော့ အလုပ်ကြိုးစားနေကြပါတယ်။ သူတို့(မန်စီးတီး)တွေနဲ့ ကစားဖို့က အချိန်ကောင်းလား ဆိုးလားဆိုတာတော့ မသိပါဘူး။ သူတို့ကိုတော့ ကျွန်တော်တို့က အပြည့်အဝ လေးစားမှု ရှိပါတယ်။ ဒါပေမယ့် ပွဲအတွင်းမှာတော့ ကျွန်တော်တို့တွေအတွက် အခွင့်အရေး ရလာခဲ့ရင်တော့ အဲ့ဒီအခွင့်အရေးကို အရယူသွားနိုင်ပါတယ်။ အခု ကျွန်တော်တို့က ကွဲပြားခြားနားတဲ့ နည်းလမ်းမျိုးစုံနဲ့ ကစားလို့ရနေနိုင်ပါပြီ။” လို့ ပြောဆိုသွားခဲ့ပါတယ်။