ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား ပီတစ်က ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ လန်းစ်တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ သူ့ရဲ့ အသင်းဟောင်းက လန်းစ်ကို လျှော့တွက်မိရင် မှားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပီတစ်ရဲ့ အသင်းဟောင်း အာဆင်နယ်က ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ လန်းစ် ၊ ပီအက်စ်ဗွီ ၊ ဆီဗီးလား စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေရာ အုပ်စုပွဲ ၄ပွဲ အပြီးမှာ ၃ပွဲနိုင် ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းကို ရယူထားနိုင်တာကြောင့် ရမှတ် ၉မှတ်နဲ့ အဆင့်(၁)နေရာကို ရောက်ရှိနေပါတယ်။

Photo Credit: 90 Min

ယနေ့ညမှာတော့ အာဆင်နယ်က ပထမအကျော့မှာ ရှုံးနိမ့်ထားတဲ့ လန်းစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ဒီညပွဲမှာသာ အာဆင်နယ်က အနိုင်ရခဲ့ရင် ရမှတ် ၁၂မှတ်နဲ့ အုပ်စုဗိုလ် အဖြစ် ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

တဖက်မှာလည်း လန်းစ်က အုပ်စုပွဲ ၄ပွဲ အပြီးမှာ ရမှတ် ၅မှတ်နဲ့ အုပ်စု တတိယနေရာကို ရောက်နေတာကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်ချင်ရင် အာဆင်နယ်ကို အနိမ့်ဆုံး သရေရလဒ် ထွက်ပေါ်အောင် ကစားဖို့ လိုအပ်နေပါတယ်။

Photo Credit: Football 365

လက်ရှိမှာတော့ ဘောလုံးရေးရာ သုံးသပ်သူ အများစုက အာဆင်နယ်နဲ့ လန်းစ် ပွဲမှာ အိမ်ရှင် အာဆင်နယ်ကသာ နိုင်ပွဲကို ရသွားလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး ပြင်သစ်နိုင်ငံသား ပီတစ်ကတော့ အာဆင်နယ်ဟာ ပြင်သစ်ကလပ် လန်းစ်ကို လျှော့မတွက်ပဲ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားမှသာ နိုင်ပွဲရလိမ့်မယ်လို့ ဆိုလာပါတယ်။

ပီတစ်က – “လန်းစ်က ပြီးခဲ့တဲ့ပွဲမှာ ကလာမွန့်ကို ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ထားပါတယ်။ သူတို့က ပြီးခဲ့တဲ့ရာသီမှာ လူတွေကို အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ လုပ်ပြခဲ့သလို ဒီရာသီမှာလည်း ခြေစွမ်းတွေ ကောင်းနေပါတယ်။ လန်းစ်ကစားသမားတွေက လန်ဒန်မြို့မှာ ဘောလုံးကစားရတာဟာ ဘယ်လောက်အထိ ခက်ခဲမလဲ ဆိုတာ သိထားကြပါတယ်။ ဒါပေမယ့် သူတို့က အာဆင်နယ်နဲ့ပွဲမှာ အံ့အားသင့်စရာ ကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ ဘယ်သူကမှ သူတို့တွေ ရလဒ်ကောင်း ရမယ်လို့ မထင်ထားတာကြောင့် သူတို့က ဖိအားကင်းကင်းနဲ့လည်း ကစားပါလိမ့်မယ်။ အာဆင်နယ်က အိမ်ကွင်းမှာ အလွယ်တကူ ရှုံးမယ့်အသင်းမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် လန်းစ်ကသာ အာဆင်နယ်ကို ပြင်သစ်မြေမှာ ကစားခဲ့သလို ထပ်ကစားနိုင်မယ် ဆိုရင် သူတို့က ရလဒ်ကောင်း တခု ရသွားနိုင်ပါတယ်။ ဒါကြောင့် အာဆင်နယ်က လန်းစ်ကို သတိကြီးကြီး ထားပြီး ကစားဖို့ လိုပါတယ်” လို့ ပြောကာ အာဆင်နယ်ကို သတိပေးသွားခဲ့တာပါ။