အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်သူ ဇာဘီ အလွန်ဆိုရဲ့ အောင်မြင်မှုအဆင့်အတန်းကို လိုက်မီဖို့အတွက် ကိုယ့်နာမည်နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ယုံကြည်မှုနဲ့အမြင်ကို ပြောင်းလဲပစ်နိုင်ဖို့ လိုအပ်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်လာနေပါတယ်။

အာတီတာဟာ အာဆင်နယ်အသင်းမှာ ရှင်းလင်းတဲ့ ကစားဟန်နဲ့ အသင်းရဲ့ သီးသန့်ပုံစံတစ်ခုကို ဖော်ဆောင်ထားနိုင်ခဲ့ပေမဲ့ ရေရှည်တည်တံ့တဲ့ အောင်မြင်မှုတွေ မရသေးတာကြောင့် ပရိသတ်တွေက လက်ရှိ တိုးတက်မှု တစ်ခုတည်းထက်ပိုပြီး မျှော်လင့်နေကြပါတယ်။ ဒီရာသီမှာလည်း အာဆင်နယ်အသင်းရဲ့ နှစ်ပေါင်းများစွာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်မယ့် မျှော်လင့်ချက်တွေဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် တစ်ဖန် ပျက်ပြယ်သွားခဲ့ရပါတယ်။

Photo Credit : Goal

အာဆင်နယ်အသင်း နောက်ဆုံးအောင်မြင်မှု ရခဲ့တာကတော့ ၂၀၂၀ ခုနှစ်က ချယ်လ်ဆီးအသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလား ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ တတိယအကြိမ်မြောက် ဒုတိယနေရာနဲ့ ရာသီသိမ်းဖို့ နီးစပ်နေသလို ဥရောပပြိုင်ပွဲတွေမှာလည်း တိုးတက်မှုတွေ ပြသနိုင်ခဲ့ပေမဲ့ အာတီတာဟာ မြောက်လန်ဒန်အသင်း ပရိသတ်တွေအတွက် အောင်မြင်မှုတွေ အရယူပေးဖို့အတွက်တော့ အမြဲတမ်းလိုလို ခြေတစ်လှမ်းလိုနေဆဲ ဖြစ်နေပါတယ်။

တစ်ချိန်တည်းမှာပဲ အလွန်ဆိုရဲ့ နာမည်ကတော့ လေဗာကူဆင်အသင်းမှာ တာဝန်ယူခဲ့တဲ့ ကာလအတွင်း အရှိန်အဟုန်နဲ့ တက်လာခဲ့ပါတယ်။ လာမယ့်ရာသီမှာ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်လာတော့မယ့် ဒီစပိန်နည်းပြဟာ လေဗာကူဆင်ကို (၂)ရာသီခွဲကြာ ကိုင်တွယ်ခဲ့ရာမှာ နိုင်ပွဲရာခိုင်နှုန်း (၆၃)%အထိ ရယူနိုင်ခဲပြီး ထူးခြားတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ရဲ့ လက်အောက်မှာ လေဗာကူဆင်အသင်းဟာ ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ရုံတင်မကဘဲ ပြည်တွင်းပြိုင်ပွဲအားလုံးမှာ တစ်ပွဲမှ ရှုံးပွဲမရှိဘဲ ရာသီကုန်ဆုံးအောင် စံချိန်သစ်တင်ကာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အာတီတာဟာ အမ်းမရိတ်စ်ကွင်းကြီးဆီကို ဆုဖလားတစ်လုံး အမြန်ဆုံး ယူဆောင်လာပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး တကယ်လို့ ဆုဖလား မရခဲ့ဘူးဆိုရင် နည်းပြတစ်ယောက်အနေနဲ့ သူ့ရဲ့ ပုံရိပ်ကို ထိခိုက်စေလိမ့်မယ်လို့ အာဆင်နယ်ကြယ်ပွင့်ဟောင်း အီမန်နူရယ် ပီတစ်က သတိပေးလိုက်ပါတယ်။ “ဘာစီလိုနာအသင်းနဲ့ အသင်းမှာ အချိန်တစ်ခု ကုန်ဆုံးခဲ့ဖူးတဲ့သူတွေကြားက ဆက်နွယ်မှုကို ကျွန်တော်တို့အားလုံး သိပါတယ်။ မီခေးလ် အာတီတာက ဘာစီလိုနာမှာ အချိန်အကြာကြီး မရှိခဲ့ပေမဲ့လည်း အဲ့ဒီမှာ ဆက်စပ်မှုတစ်ခုတော့ ရှိနေပါတယ်။”

“မီခေးလ်က အာဆင်နယ်အသင်းနဲ့အတူ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေက အရမ်းကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ သူဟာ အဓိကကျတဲ့ ဆုဖလားကြီး တစ်လုံးတော့ ရယူဖို့ လိုအပ်နေပြီ။ သူ့နာမည်နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ခံစားမှု သဘောထားအမြင်တွေကို ပြောင်းလဲပစ်ရမယ်။ မဟုတ်ရင် သူဟာ အမြဲတမ်း နောက်ဆုံးအရေးကြီးတဲ့ အဆင့်မှာမှ ကျရှုံးခဲ့တဲ့သူအဖြစ် သတ်မှတ်ခံနေရလိမ့်မယ်။ သူဟာ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေထဲက တစ်သင်းကို ကိုင်တွယ်နေတာဖြစ်တဲ့အတွက် အဲ့ဒီအမြင်ကို မဖြစ်မနေ ပြောင်းလဲပစ်ရမှာပါ။ အလွန်ဆိုကတေ့ လေဗာကူဆင်အသင်းကိုရော အသင်းသားအားလုံးရဲ့ စိတ်ဓာတ်ပိုင်းကိုပါ လုံးလုံးလျားလျား ပြောင်းလဲပစ်နိုင်ခဲ့တဲ့အတွက် သူ ရီးရဲလ်ကို ရောက်သွားတော့မယ့်ပုံပါပဲ။ မီခေးလ်လည်း သူ့နာမည်နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ အမြင်ကို ပြောင်းလဲနိုင်ဖို့ လိုအပ်ပြီး အဲ့ဒါကပဲ အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ အချက်ဖြစ်လာပါလိမ့်မယ်” လို့ ပီတစ်က သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။