ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက လာမယ့် နွေဈေးကွက် အတွင်းမှာ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာထံ ဆက်သွယ်မှု တချို့ ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် အသင်းခေါင်းဆောင် တိုက်စစ်မှူး နေမာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်သလို သူ့ရဲ့ အရည်အချင်း ၊ ပါရမီနဲ့ အကွက်မြင်မြင် ဖန်တီးတတ်မှုတို့ကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းမှာမဆို ကစားနိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်။

Photo Credit: Inside Sports

နေမာက ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာ ကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ၂၀၂၁ခုနှစ် နောက်ပိုင်းမှ စတင်ကာ မကြာခဏ ဒဏ်ရာရနေတာကြောင့် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ နေမာကို ရောင်းထုတ်ဖို့ စဉ်းစားထားကြပါတယ်။

နေမာကလည်း သူ့ကို မလိုချင်တော့တဲ့ ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ စတင် စဉ်းစားနေပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က နေမာရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Lequipe သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးရဲ့ ပဲ့ကိုင်ရှင် ဖြစ်သူ ပပ် ဂွာဒီယိုလာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နေမာဆီ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ဂွာဒီယိုလာက နေမာကို မန်ချက်စတာ စီးတီးဆီ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးက တိုက်စစ်ပိုင်းမှာ ဟာလန်း ၊ မာရက်ဇ် ၊ ဖိုဒန် ၊ ဂရီးလစ်ရှ် ၊ အယ်ဗာရက်ဇ် ၊ ဒီဘရိုင်း စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်မှာ နေမာလို နေရာစုံမှာ ထူးချွန်ကာ ပြိုင်ဘက်တွေကို အချိန်ပြည့် ဒုက္ခပေးနိုင်တဲ့ ကစားသမားမျိုး မရှိတာကြောင့် ဂွာဒီယိုလာက နေမာကို ခေါ်ယူချင်နေတာ ဖြစ်ပြီး မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေကလည်း ဂွာဒီယိုလာကသာ တောင်းဆိုရင် နေမာကို ခေါ်ယူပေးဖို့ အဆင်သင့် ဖြစ်နေပါတယ်။