ပူပူနွေးနွေး ကမ္ဘာ့ကလပ်ဖလား ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက သူတို့အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ကယ်ဗင် ဒီဘရိုင်းဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ အဲဗာတန် ၁-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် ပြန်ကစားနိုင်ဖို့ နီးစပ်နေပြီလို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် မန်ချက်စတာ စီးတီးနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ကယ်ဗင် ဒီဘရိုင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးရဲ့ ဖလား ၃လုံး အောင်ပွဲအတွက် အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်ပေမယ့် ဒီရာသီမှာတော့ စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲ ၁ပွဲထဲသာ ကစားပေးရသေးပါတယ်။

Photo Credit: Goal

ကယ်ဗင် ဒီဘရိုင်းက ဩဂုတ်လ ၁၂ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘန်လေ ၀-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ၄လကျော်ကြာ အနားယူခဲ့ရပြီး သူက မကြာသေးမီကမှ လေ့ကျင့်ခန်းတွေ ပြန်လုပ်နိုင်တာပါ။

ကယ်ဗင် ဒီဘရိုင်းက မန်ချက်စတာ စီးတီးရဲ့ ကမ္ဘာ့ကလပ်ဖလား ခရီးစဉ်ကို လိုက်ပါခဲ့တာကြောင့် စီးတီးပရိသတ်တွေက ဒီနေ့မနက်မှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ ဒီဘရိုင်းကို ပြန်မြင်ရမယ်လို့ ထင်ခဲ့ကြပေမယ့် ဒီဘရိုင်းဟာ အဲဗာတန်နဲ့ပွဲမှာ အသင်းအတွက် မကစားပေးနိုင်ခဲ့ပါဘူး။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အဲဗာတန် ၁-၃ မန်ချက်စတာ စီးတီး ပွဲစဉ်အပြီးမှာ မန်ချက်စတာ စီးတီး နည်းပြချုပ် ပပ် ဂွာဒီယိုလာက ဒီဘရိုင်း တယောက် ဘာကြောင့် အဲဗာတန်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့သလဲ ဆိုတာကို ရှင်းပြခဲ့ရသလို ဒီဘရိုင်းဟာ ဘယ်အချိန်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်မလဲ ဆိုတာကိုပါ အတိအကျ ပြောပြသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဒီဘရိုင်းက အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပါပြီ။ ဒါပေမယ့် သူဟာ မနေ့တုန်းက ခရီးပန်းနေခဲ့ပတါယ်။ သူက ဒဏ်ရာကြောင့် ၃လကျော်တောင် နားခဲ့ရတာပါ။ ဒါကြောင့် ကျွန်တော်တို့က သူ့ရဲ့ ကြံ့ခိုင်မှုကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် သူက ထပ်ပြီး ဒဏ်ရာရသွားနိုင်ပါတယ်။ သူ့ရဲ့ ဒဏ်ရာက ပြင်းထန်တာကြောင့် ကျွန်တော်တို့တွေ တဆင့်ချင်းစီပဲ သွားတာ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် သူက ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းတွေ အတူတူ လုပ်နေပြီ ဖြစ်တာကြောင့် မကြာခင်မှာ အသင်းအတွက် ကစားပေးနိုင်ပါတော့မယ်။ ကျွန်တော်ကတော့ သူ့ကို လာမယ့် ရှက်ဖီးလ်နဲ့ပွဲ (ဒါမှမဟုတ်) ဟက်ဒါဖီးလ်နဲ့ပွဲမှာ သုံးချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။