မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ပက်ပ် ဂွာဒီယိုလာက အသင်း တောင်ပံကစားသမားလေး ဂျယ်ရမီ ဒိုကူရဲ့ စွမ်းဆောင်ရည်တွေအပေါ် ချီးကျူး ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ပြီး ဒိုကူက နှစ်ပေါင်းများစွာအထိ တောက်ပလာနိုင်မယ့် ကြယ်ပွင့်လေးလို့ပါ အမွှမ်းတင်သွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံကစားသမား ဒိုကူဟာ ဒီနှစ်မှ ရန်းစ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနေ့က ဘရိုက်တန်နဲ့ပွဲမှာလည်း အယ်လ်ဗာရက်ဇ်ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးသွားခဲ့ပြီး ဒါက သူ့အတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံး ဂိုးဖန်တီးမှုလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit : Manchester City News

အသက် (၂၁)နှစ်အရွယ် ညာတောင်ပံ ကစားသမားက အယ်လ်အာလီအသင်းကို ပြောင်းရွှေ့သွားတဲ့ မာရက်ဇ်ရဲ့နေရာမှာ အစားထိုးလာခဲ့တာဖြစ်ပြီး လက်ရှိ မန်စီးတီးအတွက် (၉)ပွဲ ကစားထားပြီးချိန် (၂)ဂိုးသွင်း (၂)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ကစားသမားသစ်လေး ဒိုကူရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “သူက ထူးခြားတဲ့ တောင်ပံကစားသမားလေးတစ်ဦးပါ။ ထက်လည်း ထက်မြက်တယ်။ သူက အသင်းရဲ့ ပထမဂိုးကို ဂိုးစည်းရောက်ခါနီးကနေ ပေးပို့ ဖန်တီးပေးနိုင်ခဲ့တာကလည်း သူရဲ့ အရည်အသွေးပါပဲ။”

Photo Credit : talkSPORT

“သူ ကျွန်တော်တို့အသင်းဆီ ရောက်လာကတည်းက သူရဲ့ အသင်းအပေါ် အကောင်းဆုံး အကျိုးသက်ရောက်နိုင်မှုတွေအတွက် ကျွန်တော် တကယ် နှစ်သက်မိရပါတယ်။ သူက ဒီနေရာမှာ အချိန်အကြာကြီး တောက်ပလာနိုင်မယ့် ကြယ်တစ်ပွင့်ပါပဲ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဒိုကူဟာ မန်စီးတီးအသင်းမှာ တောင်ပံနှစ်ဖက်လုံး လိုက်ပါ ကစားပေးလျက် ရှိနေသလို မနေ့က ဘရိုက်တန်နဲ့ ပွဲမှာဆိုရင်လည်း ကွင်းလယ်တန်းရဲ့ ဘယ်ခြမ်းမှာ ထွက်ကစားရင်း တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားပါ ဖြစ်ခဲ့ရပါတယ်။