အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခွင့်ရတဲ့ ပွဲစဉ်မှာပဲ နိုင်ပွဲရရှိခဲ့ပြီး ဆုဖလားပါ ပိုင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာ စီးတီး ကစားသမားသစ်လေး ဆာဗီယိုနဲ့ ပတ်သက်လို့ နည်းပြကြီး ပက်ပ် ဂွာဒီယိုလာက ချီးကျူး ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် တောင်ပံကစားသမားလေး ဆာဗီယိုဟာ ၂၀၂၂ခုနှစ်ကတည်းက City Football Group ပိုင် ကလပ်အသင်းဖြစ်တဲ့ ထရွိုင်စ်ကို ရောက်ရှိခဲ့ရင်း အဲ့ဒီကမှ PSV ဂျီရိုနာတို့ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့သလို ဒီနွေမှာတော့ မန်စီးတီးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit : Manchester City FC

ညာတောင်ပံ ကစားသမား ဆာဗီယိုဟာ မန်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရတဲ့ မန်ချက်စတာဒါဘီ ကွန်မြူနတီဒိုင်းပွဲစဉ်မှ မန်စီးတီးအတွက် ပထမဆုံးအဖြစ် ပါဝင်ကစားခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်း (၆၃)မိနစ်မှာပဲ လူစားဝင် ကစားခဲ့ရပါတယ်။ ဒါ့အပြင် ဆာဗီယိုဟာ ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ပါဝင် ကန်သွင်းခဲ့ရသေးပြီး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

ဆာဗီယိုက သူရဲ့ debut မှာ နာရီဝက် ဝန်းကျင်လောက်သာ ကစားခဲ့ရပေမယ့် မန်စီးတီးရဲ့ ချေပဂိုးမှာပါ ပါဝင်ပတ်သက်ခဲ့သေးပြီး တတိယမြောက် ပင်နယ်တီ ကန်သွင်းမှုကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ကို ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒီလို ပွဲဦးထွက်မှာ အသင်းနဲ့ အံ့ဝင်အောင် ကစားပြနိုင်ခဲ့တဲ့ ဆာဗီယိုနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “သူ့ဆီမှာ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိတယ်။ နောက်ပြီး သူက တောင်ပံ နှစ်ဖက်လုံးလည်း ကစားနိုင်တယ်။”

Photo Credit : Youtube

“ဘယ်တောင်ပံမှာ ကစားရင်တော့ သူရဲ့အရည်အသွေးတွေက မယုံကြည်နိုင်လောက်စရာကောင်းပြီး byline တွေကနေ တိုက်စစ်ဆင်နိုင်ပါတယ်။ အဲ့ဒီနောက် ဖြတ်တင်မှုတွေကိုလည်း တကယ် ကောင်းမွန်အောင် လုပ်နိုင်တယ်။ သူက အာလင်း(ဟာလန်း) ဂိုးတွေ ပိုသွင်းနိုင်အောင် ကူညီပါလိမ့်မယ်။ အခု ကျွန်ေ်တာ်တို့ ရသွားခဲ့တဲ့ ဂိုးကလည်း byline ကနေ ဖြတ်တင်ရင်း ရလာခဲ့တာ။”

“ကျွန်တော်ကတော့ အသင်းက တောင်ပံကစားသမားတွေကို ပွဲချိန်အတွင်း စိတ်ခံစားကောင်း ရနေပြီဆိုတာနဲ့ ပြိုင်ဘက်ခံစစ်ကို တိုက်စစ်ဆင် ထိုးဖောက်ဖို့ မှာကြားထားပါတယ်။ လိမ်ခေါက်ပြီးတော့ ထိုးဖောက်တာပဲဖြစ်ဖြစ် ထိရောက်မှု ရှိရှိမရှိရှိ ပြိုင်ဘက်ခံစစ်ပိုင်းကို တိုက်စစ်ဆင်နေတာမျိုးကိုပဲ ဖြစ်စေချင်တယ်။ သူကတော့ ကစားခဲ့ရတဲ့ (၃၅)မိနစ် ဝန်းကျင်လေးမှာ အကောင်းဆုံးဖြစ်အောင် ကစားနိုင်ခဲ့တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။