မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြအဲရစ်တန်ဟက်ဂ်လက်ထက်မှာ တစ်စတစ်စနဲ့ တိုးတတ် ကောင်းမွန်လာခဲ့ပြီလို့ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက ချီးမွမ်း ပြောကြားလာခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ အိုင်းယတ်စ်နည်းပြဟောင်း တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီအစမှာပဲ ပရီးမီးယားလိဂ် အဖွင့်ပွဲ (၂)ပွဲဆက်တိုက်အထိ ရှုံးနိမ့်ခဲ့ရပေမယ့် နောက်ပိုင်း ပွဲစဉ်တွေအတွင်းမှာ ရလဒ်ပိုင်း ပြန်လည် တည်ငြိမ်လာခဲ့ရပါတယ်။ ရလဒ်ပိုင်းတွေ တောက်လျှောက် ကောင်းမွန်နေရာကနေ မန်စီးတီးကို (၆)ဂိုး (၃)ဂိုးနဲ့ ရှုံးခဲ့ရပေမယ့်လည်း အဲ့ဒီပွဲနောက်ပိုင်းမှာ ပြိုင်ပွဲစုံ (၈)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြန်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့် တတ်လှမ်းနိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီလို ရလဒ်တွေ ကစားပုံတွေ ပြန်လည် တည်ငြိမ်လာခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ပတ်သတ်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက “ယူနိုက်တက်တို့ ပြန်လာပြီလို့ ကျွန်တော် ခံစားမိပါတယ်။ နောက်ဆုံးတော့ သူတို့ ပြန်လာခဲ့ပါပြီ။ မနေ့က ရှာရစ်ဖ်နဲ့ ကစားသွားခဲ့တဲ့ ပွဲနဲ့ ချယ်လ်ဆီးနဲ့ ကစားသွားခဲ့တဲ့ ပထမပိုင်း မိနစ်တွေမှာ သူတို့အသင်း ပြန်လာနိုင်ခဲ့ပြီဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်မှာ အခု ကျွန်တော် မြင်နေရတာတွေကို သဘောကျမိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ထိပ်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ဖို့အတွက်ကိုလည်း အသင်းတွေ အများကြီး ရှိနေပါလိမ့်မယ်။ ဒါကြောင့်ပဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကိုရော အမှတ်ပေး ဆုဖလားအတွက်ကိုပါ တိုက်ပွဲဝင်သွားရဦးမှာ ဖြစ်ပါတယ်။ ပထမဆုံး (၁၀)ပွဲ ကစားအပြီးမှာ ပရီးမီးယားလိဂ် ဆုဖလားကို မရနိုင်ဘူး ဆိုပေမယ့် ထိပ်ကို ရောက်နေတဲ့ အသင်းတွေနဲ့ သိပ်မကွာတဲ့ နေရာမှာတော့ ရှိနေနိုင်ပါတယ်။ နယူးကာဆယ်ဆိုရင်လည်း အဲ့ဒီနေရာမှာ ရောက်နေပါပြီ။ သူတို့ တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်ခဲ့တာကို ကျွန်တော် မြင်ထားခဲ့ပြီးပါပြီ။ နောက်ပြီး နှစ်သင်းလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုကိုလည်း တွေ့မြင်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို ရောက်ရှိနေပြီး ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ (၂)မှတ်ကွာ အနေအထားမှာ ရှိနေသလို ယူနိုက်တက်ကတော့ အဆင့်(၆)နေရာမှာ ရပ်တည်နေပြီး မန်စီးတီးနဲ့ (၆)မှတ်အထိ ကွာဟနေပါတယ်။