ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ အာဆင်နယ်ကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဟာ သူ့ရဲ့ နည်းစနစ် ပြောင်းလဲမှု တခုကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ် ၂ပွဲဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်သူဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်ပေးမယ့် ပွဲစဉ်တွေ ဖြစ်တာကြောင့် နှစ်သင်းစလုံးက ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အားကုန်ထုတ် ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

Photo Credit: Football 365

အမ်းမရိတ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာ ဧည့်သည် မန်ချက်စတာ စီးတီးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ ကစားစေခဲ့ပေမယ့် အိမ်ရှင် အာဆင်နယ်ကတော့ အဓိက ကွင်းလယ်လူ ပါတေး တယောက် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ချိန်မှာ ပါတေးရဲ့ နေရာကို အသစ် ရောက်လာတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ထည့်သွင်း ကစားခဲ့ရပါတယ်။

အာဆင်နယ် ၁-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက များစွာ ကွာခြားခဲ့ခြင်း မရှိပေမယ့် ပါတေး မပါတဲ့ အာဆင်နယ်ကွင်းလယ်က မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်ကို အသာစီး ရဖို့ ခက်ခဲခဲ့ပြီး မန်ချက်စတာ စီးတီးကတော့ တရစပ် ဖိအားပေးမှုတွေနဲ့ အာဆင်နယ် နောက်တန်းကို အမှားများအောင် လုပ်ခဲ့ကာ အာဆင်နယ် ကစားသမားတွေရဲ့ အမှားကနေ ရလာတဲ့ အခွင့်အရေးတွေကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲခဲ့ပါတယ်။

Photo Credit: Football 365

အဆိုပါပွဲမှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၄မိနစ်မှာ ဒီဘရိုင်း ၊ ပွဲချိန် ၇၂မိနစ်မှာ ဂရီးလစ်ရှ်နဲ့ ပွဲချိန် ၈၂မိနစ်မှာ ဟာလန်းတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အာဆင်နယ် အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၄၂မိနစ်မှာ ဆာကာက ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့တာပါ။

ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက ဒီနေ့ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်ပေးခဲ့တာဟာ ပထမပိုင်း နားချိန်မှာ သူ ပြောင်းလဲခဲ့တဲ့ နည်းစနစ် တခုကြောင့် ဖြစ်ကြောင်း ရှင်းပြလာခဲ့ပါတယ်။ ဂွာဒီယိုလာက – “ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ အာဆင်နယ်က ကျွန်တော်တို့ထက် အများကြီး ပိုကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က သူတို့ထက် အများကြီး ပိုကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့က ဘောလုံးကစားနေတာ မဟုတ်ပဲ အာဆင်နယ်ရဲ့ တိုက်စစ်ကိုသာ ဆက်တိုက် ခုခံခဲ့ရတာပါ။ ကျွန်တော်က ဒီနေ့ပွဲမှာ နည်းစနစ်အသစ် တခု သုံးစွဲခဲ့ပေမယ့် ကျွန်တော့်ရဲ့ နည်းစနစ်က အသုံးမဝင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ဒုတိယပိုင်း အစမှာ နည်းစနစ် ပြောင်းလဲမှု တခု လုပ်ခဲ့ပြီး အိုဒီဂတ်ဆီ ခပ်ပြင်းပြင်း ဖျက်ထုတ်တာတွေ လုပ်ဖို့နဲ့ ဘောလုံးကို ပိုထိန်းချုပ် ကစားဖို့ ညွှန်ကြားခဲ့ပါတယ်။ ဟာလန်းကလည်း သူ့ရဲ့ ပါဝါကို သုံးပြီး ဘောလုံးကို ထိန်းချုပ်နိုင်အောင် ကူညီပေးခဲ့ပါသေးတယ်။ ကျွန်တော်တို့က ပထမပိုင်းမှာ ပြိုင်ဘက်ရဲ့ ကစားအားကို ခုခံ ကစားခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က ပုံမှန် ခြေစွမ်း ပြန်ရခဲ့ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကို ခပ်ကြမ်းကြမ်း ကစားတယ်။ ဘောလုံးယှဉ်လုမှုတွေမှာ နိုင်လာတယ်။ ပြီးတော့ ပိုကောင်းတဲ့ အသင်း ဖြစ်လာခဲ့ပါတယ်” လို့ သူ့ရဲ့ နည်းစနစ် ပြောင်းလဲမှုအကြောင်း အကျယ်တဝင့် ရှင်းပြသွားခဲ့တာပါ။