စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပီဒရီကတော့ သူတို့စပိန်အသင်းဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေထဲက တသင်း ဖြစ်ပြီး သူတို့ဟာ ကမ္ဘာ့ဖလားကို အရယူဖို့ အဆင်သင့် ဖြစ်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကြယ်ပွင့် ပီဒရီက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး ဆယ်ကျော်သက် ကစားသမား တဦး အရွယ်သာ ရှိသေးပေမယ့် ဘာစီလိုနာနဲ့ စပိန်အတွက် အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Sports Max

နံပါတ်၈နေရာမှာ (ဗဟိုကွင်းလယ်နဲ့ ဆင်တူပြီး တိုက်စစ်ကို အနည်းငယ် ပိုမို လိုက်ပါ ကစားရတဲ့ နေရာ) အဓိက ကစားလေ့ ရှိတဲ့ ပီဒရီဟာ သူ့ရဲ့ ဘောလုံးစွမ်းရည်နဲ့ အမြင်ကြောင့် ဘာစီလိုနာရဲ့ ဂန္တဝင် ကွင်းလယ်လူ အင်နီယေစတာနဲ့ ခိုင်းနှိုင်းကာ ချီးကျူးခံနေရသူ ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ အထိ ပါဝင် ကစားပေးထားနိုင်ကာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပီဒရီဟာ စပိန်အသင်းရဲ့ အောင်မြင်မှု အတွက် အဓိကကျမယ့် ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံရမှုတွေ ရှိနေပြီး ပီဒရီကတော့ သူတို့ရဲ့ စပိန်အသင်းဟာ ကမ္ဘာ့ဖလားကို အရယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ ယုံကြည်ကြောင်း ပြောကြားလာပါတယ်။

Photo Credit: Sports Max

ပီဒရီက – “လူတွေကတော့ ကျွန်တော်တို့အသင်းကို (စပိန်) အများကြီး မျှော်လင့်ထားကြမှာ မဟုတ်သလို ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းစာရင်းထဲလည်း မထည့်ထားကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင်ကတော့ ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ရေပန်းအစားဆုံး အသင်းတွေထဲက တသင်းလို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့က ခြေစွမ်းကောင်းတွေ မပြနိုင်ပဲ ဆုတံဆိပ်တွေ ရယူချင်တာမျိုး မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့သာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ရင် အောင်မြင်မှုတွေက သူ့အလိုလို ရောက်လာမယ်လို့ ယုံကြည်ထားပါတယ်။ ဘာစီလိုနာနဲ့ စပိန်အတွက် ကစားပေးရတဲ့ အခါတိုင်း ဖိအားဒဏ်တွေကို အမြဲတမ်း ခံစားရလေ့ ရှိပါတယ်။ ခင်ဗျားတို့က ဒါကို ဖြတ်ကျော်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာနဲ့ စပိန်အသင်း နှစ်သင်းစလုံးက ဆုဖလားတွေကို အရယူနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့သာ အကောင်းဆုံး ကစားနိုင်ရင် ဆုဖလားကိုလည်း သိမ်းပိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး သူ့ရဲ့ စပိန်အသင်းနဲ့ ပတ်သတ်တဲ့ မျှော်လင့်ချက်တွေကို ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။