ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ လက်ရှိမှာ သူ့အတွက် ကလပ်အသင်းသစ် တစ်သင်းကို ရှာဖွေလျက် ရှိနေရာ လတ်တလောမှာတော့ စီးရီးအေကလပ် အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆွေးနွေးမှုတွေက အဆင်ပြေနေပြီ ဖြစ်တာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖွယ် ရှိနေရပါတယ်။

Image

Photo Credit : Twitter

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ၂၀၁၅ခုနှစ်ကတည်းက ပါလာမိုကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ဘောလုံးရာသီ (၇)ရာသီထိ ဖြတ်သန်းခဲ့သလို ဆုဖလား အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းအတွက် အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်လာခဲ့ရာကနေ နောက်ဆုံးမှာတော့ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Dybala transfer news: Ex-Juventus striker labels Totti 'an icon' but gives  little away amid Roma & Inter links | Goal.com Singapore

Photo Credit : Goal

Free agent ဖြစ်သွားတဲ့ ဒီဘားလားကို ဥရောပ ကလပ်အသင်းများစွာက အလိုရှိလာခဲ့ကြသလို ဂျုဗင်တပ်စ်ရဲ့ စီးရီးအေပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အင်တာမီလန် အေစီမီလန်နဲ့ ရိုးမားတို့ကပါ ဒီဘားလားကို စိတ်ဝင်စားလာခဲ့ပါတယ်။ ဒီအသင်းတွေထဲကမှ အင်တာက ဒီဘားလားကို ခေါ်ယူနိုင်ဖို့ အကြိုးပမ်းဆုံး ကလပ်အသင်း ဖြစ်လာခဲ့ပြီး ဒီဘားလားရဲ့ အေးဂျင့်နဲ့လည်း ဆွေးနွေးမှုတွေ မကြာခဏ ပြုလုပ်နေလျက်ရှိရာ လက်ရှိမှာတော့ ဆွေးနွေးမှုတွေက အဆင်ပြေလာခဲ့ပြီဖြစ်တာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ် ရှိနေသလို ဒီဘားလားကိုလည်း စီးရီးအေမှာသာ ဆက်လက်မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒီဘားလားကိုယ်တိုင်ကလည်း အင်တာမီလန်အသင်းကို ဦးစားပေး ပြောင်းရွှေ့ကစားဖို့ သတ်မှတ်ထားပြီး လက်ရှိမှာလည်း သူရဲ့ လစာကိစ္စတွေနဲ့ အပိုဆုကြေးကိစ္စတွေကိုသာ ဆက်လက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီဘားလားရဲ့ အပြောင်းအရွှေ့အတွက် လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးညှိနှိုင်းမှုများအပြီးမှာ အပြည့်အဝ သဘောတူညီချက်တွေ ရရှိသွားလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။ ပါလာမို ဂျုဗင်တပ်စ်အသင်းတို့နဲ့အတူ စီးရီးအေမှာ (၉)ရာသီထိ ဖြတ်သန်းထားခဲ့တဲ့ ဒီဘားလားဟာ စီးရီးအေသွင်းဂိုး စုစုပေါင်း (၉၈)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။