မန်ချက်စတာယူနိုက်တက်ဒ်အသင်းအနေနဲ့ ဆုဖလားတွေကို ပြန်လည် ရယူ ဆွတ်ခူးနိုင်ဖို့အတွက် တော့တင်ဟမ်ဟော့စပါး တိုက်စစ်ကစားသမား ဟာရီကိန်းကို ပြောင်းရွေ့ကြေး ပေါင်သန်း(၁၀၀)လောက် သုံးစွဲပြီး အရ ခေါ်ယူသွားသင့်တယ်လို့ အင်္ဂလန် ဘောလုံးသမားဟောင်းကြီး ပေါလ်မာဆန်က တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit : Football London

ယူနိုက်တက်ဒ်အသင်းဟာ လာမယ့်နွေမှာ အသင်း တိုက်စစ်ပိုင်းအတွက် အရည်အသွေးမြင့် တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူသွားဖို့ ရှိနေရာ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟာရီကိန်းမှာလည်း ယူနိုက်တက်ရေဒါထဲ ပါဝင်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာပဲ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကိန်းက မြောက်လန်ဒန်အသင်းမှာ ကစားနေရတာကို ပျော်ရွင်နေတဲ့အတွက် အသင်းနဲ့ပါ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ ဖော်ပြလာတာကြောင့် ယူနိုက်တက်ဒ်ကလည်း ကိန်းထက် တခြား ကစားသမားတွေကိုသာ အာရုံစိုက်ရမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Pundit Area

ယူနိုက်တက်ဒ်အသင်း ၊ ကိန်းတို့ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ပေါလ်မာဆန်က “ကိန်းက ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်ကစားသမားတစ်ဦးပါ။ ကျွန်တော်သာ မန်ချက်စတာယူနိုက်တက်ဒ်မှာသာဆိုရင် ကိန်းအတွက် ပေါင်သန်းတစ်ရာလောက် တစ်ခါတည်း သုံးလိုက်မယ်။ သူတို့က အန်တိုနီအတွက် ပေါင်သန်း(၈၀)လောက် သုံးစွဲထားတယ်။ ဒီကစားသမား ယူနိုက်တက်ဒ်အတွက် (၁၀)နှစ်တာလောက်အတွင်း သွင်းယူပေးနိုင်မယ့် ဂိုးအရေအတွက်က ကိန်း ယူနိုက်တက်ဒ်မှာ တစ်ရာသီလောက် သွင်းယူနိုင်မယ့် ဂိုးပမာဏတောင် ရှိမှာ မဟုတ်ဘူး။ ကိန်းက သူ့ပြေးအားတွေကို သုံးစရာ မလိုပဲ ဦးနှောက်သုံး ကစားတယ် ၊ အဆုံးသတ်ကောင်းတယ် ၊ သူ့ဆီ ဘောလုံးတွေ လာနိုင်မယ့် လမ်းကြောင်းကို ရှာတတ်တယ်။ ဒါတွေကြောင့်ပဲ သူက အသက်(၃၇)နှစ်လောက်အထိ ကစားနေနိုင်ဦးမှာ။ တကယ်လို့ မန်ချက်စတာယူနိုက်တက်ဒ်အသင်းသာ ဆုဖလားတွေနဲ့ နီးနီးကပ်ကပ် ဖြစ်နေချင်တယ်ဆိုရင်တော့ သူတို့ ကိန်းကို လိုအပ်ပါမယ်။ သူတို့အသင်းကို အာဆင်နယ်နဲ့ပဲ မြင်ကြည့်ပါ။ သူတို့က အဓိက ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေပါသေးတယ်” လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။