ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာတော့ ဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ (၁)ပွဲလျော့ (၈)မှတ်အထိ ကွာဟနေရပြီး ဒီတစ်ပတ် စနေနေ့မှာဆိုရင်ပဲ လီဗာပူးလ်လို ပြိုင်ဘက်မျိုးနဲ့ ဆုံတွေ့ရဦးမှာဖြစ်လို့ ဒီပွဲရဲ့ ရလဒ်က စီးတီးအတွက်တော့ အတော်လေး အရေးကြီးနေရပါတယ်။

Photo Credit : The Mirror

ဒီအချိန်မှာ အာဆင်နယ် ကစားသမားဟောင်းဖြစ်သူ ပေါလ်မာဆန်က မန်စီးတီး လီဗာပူးလ်ပွဲနဲ့ ပတ်သတ်ပြီး “ဒီပွဲက မန်စီးတီးအသင်းအတွက်တော့ ဖလားဖိုင်နယ်ပွဲ တစ်ပွဲလိုပါပဲ။ သူတို့ ဒီပွဲစဉ်ကို အန်ိုင်ယူရပါမယ်။ နိုင်ပွဲရရင် (၅)မှတ်အကွာနဲ့ အာဆင်နယ်ကို ပြန်ပြီး ဖိအားပေးထားနိုင်မယ်။ အာဆင်နယ်ကလည်း tricky games လေးတွေလည်း ကစားဖို့ ကျန်ရှိနေပါသေးတယ်။ စီးတီးက သရေကျသွားပြီး အာဆင်နယ်က လိဒ်စ်ကို အနိုင်ရလိုက်မယ်ဆိုရင်တော့ အမှတ် ကွာဟချက်က (၁၀)မှတ်အထိ ရှိသွားမှာဖြစ်လို့ ဒါက အတော်လေး ကွာဟသွားသလို ဖြစ်သွားပါမယ်။ ဒီကွာဟချက်က တကယ်ကို ပြီးဆုံးသွားပြီလို့ ထင်နိုင်တဲ့ ကွာဟချက်မျိုးပါပဲ” လို့ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : Eurosport

ဒါ့အပြင် သူရဲ့အသင်းဟောင်း အာဆင်နယ်နဲ့ ပတ်သတ်ပြီးတော့လည်း မာဆန်က “လက်ရှိအချိန်မှာတော့ အာဆင်နယ်က လက်စတာအသင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့စဉ်တုန်းကလိုမျိုး တူညီတဲ့ ခံစားချက်မျိုးကို ခံစားမိရစေပါတယ်” လို့ပါ မှတ်ချက်ပြုသွားခဲ့ပါသေးတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုတည်း ကစားရတော့မယ့် အာဆင်နယ်အသင်းဟာ လိဒ်စ်(အိမ်) လီဗာပူးလ်(အဝေး) ဝက်စ်ဟမ်း(အဝေး) ဆောက်သမ်တန်(အိမ်) မန်စီးတီး(အဝေး) ချဲလ်ဆီး(အိမ်) နယူးကာဆယ်(အဝေး)ဘရိုက်တန်(အိမ်) နော်တင်ဟမ်(အဝေး) ဝုလ်ဗ်(အိမ်) ပွဲတွေ ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။

Photo Credit : Sports Illustrated

ပရီးမီးယားလိဂ်အပြင် ချန်ပီယံလိဂ်နဲ့ အက်အေဖလားပွဲတွေမှာ ဆင်နွဲရမယ့် မန်စီးတီးကတော့ လီဗာပူးလ်(အိမ်) ဆောက်သမ်တန်(အဝေး) ဘိုင်ယန်(အိမ်) လက်စတာ(အိမ်) ဘိုင်ယန်(အဝေး) ရှက်ဖီး(ကြား) အာဆင်နယ်(အိမ်) ဖူလ်ဟမ်(အဝေး) ဝက်စ်ဟမ်း(အိမ်) လိဒ်စ်(အိမ်) အဲဗာတန်(အဝေး) ချဲလ်ဆီး(အိမ်) ဘရန့်ဖို့ဒ်(အဝေး) ဘရိုက်တန်(အဝေး)တို့နဲ့ ချန်ပီယံလိဂ်မှာသာ ဆီမီး ၊ ဖိုင်နယ်တွေ တတ်လှမ်းမယ်ဆိုရင် အက်အေမှာလည်း ဖိုင်နယ် တတ်လှမ်းမယ်ဆိုရင် နောက်ထပ် (၄)ပွဲကိုလည်း ဆက်လက် ယှဉ်ပြိုင်ရပါဦးမယ်။