ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ သောမတ်စ် ပါတေးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၁-၀ အာဆင်နယ် ပွဲစဉ်မှာ နံရိုးဒဏ်ရာ ရသွားတာကြောင့် ဆေးစစ်မှုတွေ လုပ်ဆောင်ရတော့မယ်လို့ သိရပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က အက်ဖ်အေဖလား ၃၂သင်းအဆင့် ပွဲစဉ်အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ရာ သောမတ်စ် ပါတေးက ချာကာ ၊ ဗီအဲရာတို့နဲ့ တွဲဖက်ကာ အာဆင်နယ်ရဲ့ ကွင်းလယ်ကို ဦးဆောင်လာခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့သလို တသင်းနဲ့ တသင်း ကစားကွက်ပိုင်း အသာစီး ရဖို့ ကြိုးစားခဲ့တာကြောင့်ပဲ နှစ်သင်းစလုံးရဲ့ ကွင်းလယ်လူတွေက ဘောလုံးကို ယှဉ်လုရတဲ့ အခိုက်အတန့်တွေ အများကြီး ရှိခဲ့ပါတယ်။

သောမတ်စ် ပါတေးကလည်း ပြိုင်ဘက် ကွင်းလယ်လူတွေနဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးစားရင်း နံရိုးဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး အာဆင်နယ်နည်းပြ အာတီတာက ပါတေးရဲ့ ဒဏ်ရာ မပြင်းထန်လာခင်မှာပဲ ပါတေးကို နောက်ထပ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ လိုကွန်ညာနဲ့ ဒုတိယပိုင်း အစမှာပဲ လူစားလဲခဲ့ရပါတယ်။

Photo Credit: Sky Sports

 

မန်ချက်စတာ စီးတီး ၁-၀ အာဆင်နယ် ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက ပါတေး တယောက် ဒဏ်ရာရသွားခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် သူတို့အသင်းဟာ ပါတေးရဲ့ ဒဏ်ရာပြဿနာ ပိုမဆိုးလာအောင် ကြိုတင် ကာကွယ်တဲ့အနေနဲ့ လူစားလဲခဲ့တာ ဖြစ်ပြီး မနက်ဖြန်မှာ ပါတေးရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ် စစ်ဆေးမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာက – “ပါတေးက နာကျင်မှု တချို့ ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့က သူ့ကို စွန့်စားပြီး ဆက်မကစားစေချင်ပါဘူး။ ဒါကြောင့် သူက ဒုတိယပိုင်းမှာ ဆက်မကစားခဲ့တာပါ။ သူက ပွဲအစမှာပဲ နာကျင်မှုကြောင့် သက်တောင့်သက်သာ မရှိခဲ့သလို ပွဲချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ ဒဏ်ရာက ပိုဆိုးလာပါတယ်။ ဒါကြောင့် သူ့ကို လူစားလဲခဲ့တာပါ။ မနက်ဖြန်မှာတော့ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာကို MRI Scan လုပ်ဖို့ ရှိပါတယ်။ ဒါမှပဲ သူက ဘယ်လိုဒဏ်ရာမျိုး ရထားလဲ ဆိုတာ သိနိုင်မှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။