ချယ်လ်ဆီးအသင်းဟာ မနေ့ညက အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘန်လေအသင်းနဲ့ ရင်ဆိုင်ခဲ့ရရင်း (၂)ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်း တစ်ပိုင်းလုံးမှာပါ ကစားသမား တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် ဘန်လေကို အနိုင်မယူနိုင်ခဲ့ပဲ (၂)ဂိုးစီ သရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် တိုက်စစ်ကစားသမားလေး ကိုး ပါလ်မာက ပင်နယ်တီကနေ တစ်ဂိုး စတားလင်းရဲ့ ဖန်တီးမှုကနေ ဧရိယာထဲက သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းဘက်ကတော့ သူရဲ့ ဦးဆောင်ဂိုးတွေကို မထိန်းထားနိုင်ပဲ ချေပဂိုးတွေ ပြန်လည် ခွင့်ပြပေးခဲ့ရပါတယ်။

Photo Credit : NBC Sports

ဒီပွဲမှာ ချယ်လ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုရဲ့ ကစားသမား လူစားလဲမှုတွေအပြင် နည်းစနစ်ပိုင်း အပြောင်းအလဲတွေက မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့ရပြီး ချယ်လ်ဆီးအသင်း ပရိသတ်တွေကတော့ ပိုချက်တီနိုကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်စေချင်နေပါတယ်။

ဒါ့အပြင် ဒီရာသီမှ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် ကြယ်ပွင့်လေး ပါလ်မာဟာလည်း သူရဲ့ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် ပြိုင်ပွဲစုဲ (၁၈)ဂိုးသွင်း (၁၂)ဂိုး ဖန်တီးထားခဲ့ပေမယ့် အသင်းရဲ့ ရလဒ်တွေက တည်ငြိမ်မှု မရှိတဲ့အပေါ် စိတ်ပျက်နေရပါတယ်။

Photo Credit : Transfermarket

“ဒါက တကယ်ဆိုးပါတယ်။ ဒါက တကယ်ကို မဖြစ်နိုင်ခဲ့သင့်ဘူး။ အထူးသဖြင့်တော့ ပြိုင်ဘက်အသင်းက ကစားသမား တစ်ယောက်လျော့သွားချိန်မှာ ဆိုရင်ပေါ့။ နောက်ပြီး ကျွန်တော်က သက်တောင့်သက်သာ ဖြစ်လွန်းသလို ကစားနေတဲ့အပြင် အာရုံစူးစိုက်မှုတွေလည်း နည်းပါးလွန်းခဲ့တယ်။”

“အပတ်တိုင်းမှာလည်း ဒီဇာတ်လမ်းဟောင်းကြီးကို ပြန်ပြောနေရသလိုပဲ။ အပတ်တိုင်းမှာ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် ဒုက္ခပေးနေသလို ဖြစ်နေရပါတယ်။ အသင်းက ကစားသမားတွေအနေနဲ့လည်း အခုလက်ရှိထက်ပိုပြီး တိုးတက်လာဖို့ လိုအပ်နေပါတယ်။ ခြေစွမ်းလည်း တသမတ်တည်း ဖြစ်နေဖို့ လိုပါတယ်။” လို့ ပါလ်မာက ပြောဆိုလိုက်ပါတယ်။