ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ကိုး ပါလ်မာက သူ့အနေနဲ့ ပွဲကစားခွင့်တွေ ပိုမို ရရှိစေဖို့အတွက် မန်စီးတီးအသင်းကနေ ထွက်ခွာပြီး ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားလေး ပါလ်မာဟာ (၈)နှစ်အရွယ်ကတည်းက မန်စီးတီး လူငယ် အကယ်ဒမီကို ရောက်ရှိခဲ့ပြီး (၁၀)နှစ်နီးပါးအကြာ ၂၀၂၀မှာပဲ စီးတီး စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ပါတယ်။

Photo Credit : Bitter and Blue

၂၀၂၂-၂၃ ဘောလုံးရာသီမှာ မန်စီးတီးအတွက် ပွဲကစားခွင့်တွေ တဖြည်းဖြည်း ရရှိလာခဲ့တဲ့ ပါလ်မာဟာ အသင်းကို အကျိုးပြုနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့အတွက် ပုံမှန် ပွဲကစားခွင့်က အာမခံချက် မရှိတာကြောင့် ၂၀၂၃ နွေမှာပဲ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။

အခုဆိုရင်တော့ ပါလ်မာက ချယ်ဆီးအသင်းအတွက် အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသလို့နေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၃)ပွဲအထိ ကစားထားပြီးချိန်မှာ (၁၅)ဂိုးသွင်းယူထားသလို (၁၁)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

အခုလို အခြေအနေနဲ့ ပတ်သက်ပြီး ပါလ်မာက “ကျွန်တော်က အပတ်တိုင်းမှာ ပုံမှန် ဘောလုံးကစားဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ တွေးမိခဲ့တာကြောင့် မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ရတာပါ။ အဲ့ဒီအချက်ကြောင့်ပဲ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တယ်လို့ ပြောရပါမယ်။”

“ကျွန်တော် ပြောခဲ့သလိုပဲ အပတ်တိုင်းလိုလိုမှာ ကျွန်တော်ရဲ့ စွမ်းဆောင်ရည်တွေကို ချပြသွားချင်ပါတယ်။ အခုတော့ ကျွန်တော် ဒီမှာ ကျွန်တော်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ချပြခွင့် ရနေပါပြီ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ အခုလို ခြေစွမ်းကောင်းတွေကြောင့် ပါလ်မာဟာ အင်္ဂလန် လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂၄ပြိုင်ပွဲကိုပါ ပါဝင် ဆင်နွဲရဖွယ် ရှိနေပါတယ်။