မကြာသေးမီကမှ ဘောလုံးသမား ဘဝကနေ အနားယူသွားတဲ့ ရီးရဲလ်မက်ဒရစ် ၊ အာဆင်နယ်နဲ့ ဂျာမဏီတို့ရဲ့ ကြယ်ပွင့်ဟောင်း မီဆွတ် အိုဇေးလ်က သူ့ရဲ့ ဆရာဟောင်း တဦး ဖြစ်သူ ဟိုဆေး မော်ရင်ဟိုဟာ ရာစုနှစ်ရဲ့ အကောင်းဆုံးနည်းပြပါလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ဂျာမဏီနဲ့အတူ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တဲ့ မီဆွတ် အိုဇေးလ်က ဘောလုံးသမား ဘဝကနေ အနားယူချိန်မှာ အသက် ၃၄နှစ် အရွယ်သာ ရှိသေးတာကြောင့် ဘောလုံးပရိသတ် အများစုက အိုဇေးလ်ကို အနားယူချိန် စောလွန်းတယ် ဆိုပြီး နှမြောတသ ဖြစ်နေကြပေမယ့် အိုဇေးလ်ကတော့ မိသားစုအတွက် အချိန်ပေးချင်တာကြောင့် ကစားသမား ဘဝကနေ အနားယူခဲ့တာ ဖြစ်ကြောင်း ရှင်းပြထားပါတယ်။

Photo Credit: Mirror

အိုဇေးလ်က ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ ဘောလုံးသမား ဘဝမှာ ထိပ်တန်း ကစားသမားတွေ ၊ ထိပ်တန်းနည်းပြတွေနဲ့ တွေ့ဆုံခဲ့ဖူးပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အိုဇေးလ်က သူ့ရဲ့ ဘဝမှာ တွေ့ခဲ့ဖူးတဲ့ နည်းပြတွေ အနက် မော်ရင်ဟိုဟာ အကောင်းဆုံးနည်းပြ ဖြစ်ကြောင်းနဲ့ မော်ရင်ဟိုဟာ ရာစုနှစ်ရဲ့ အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အိုဇေးလ်က – “ကျွန်တော့်အတွက် ဟိုဆေး မော်ရင်ဟိုက ဒီရာစုနှစ်ရဲ့ အကောင်းဆုံးနည်းပြပါ။ သူ့ရဲ့ နည်းစနစ်ပိုင်း နားလည် တတ်ကျွမ်းမှုက တခြားနည်းပြတွေထက် တဆင့် ပိုမြင့်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ပြီးတော့ သူ့ရဲ့ အဝတ်လဲခန်းထဲမှာ စကားပြောပုံ ၊ မီဒီယာတွေ ရှေ့မှာ ကစားသမားတွေကို ကာကွယ်ပုံတွေကလည်း မယုံနိုင်စရာပါပဲ။ ဟိုဆေးက ကမ္ဘာ့အဆင့် နည်းပြတဦးပါ။ ကျွန်တော်က သူ့ကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖြစ်ခဲ့တာပါ။ သူက ကျွန်တော့်ကို ဘာနေဗျူးကွင်းထဲ ခေါ်ပြီး ပတ်ပတ်လည်ကို လိုက်ပြတယ်။ ပြီးတော့ သူတို့တွေ ရထားတဲ့ ဆုဖလားတွေကို လိုက်ပြတယ်။ မော်ရင်ဟိုရဲ့ စကားတွေကို ကြားရတဲ့ အချိန်မှာ ကြက်သီးတွေတောင် ထခဲ့ပါတယ်။ ဒီအချက်တွေမှာ ဂွာဒီယိုလာက မော်ရင်ဟိုထက် ပိုပြီး နိမ့်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်က မော်ရင်ဟိုကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အတွက် ကစားပေးချင်ခဲ့တာပါ” လို့ ဆရာဟောင်း မော်ရင်ဟို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

မော်ရင်ဟိုနဲ့ အိုဇေးလ်တို့ ဆရာတပည့်က ရီးရဲလ်မက်ဒရစ်မှာ အတူတူ ရှိခဲ့ကြတဲ့ အချိန်မှာ မတည့်အတူနေလို့ ပြောရအောင် မကြာခဏ စကားများခဲ့ပေမယ့် အခုချိန်အထိ တဦးနဲ့ တဦး နားလည်မှု ၊ လေးစားမှု အပြည့် ရှိနေကြဆဲ ဖြစ်ပြီး အိုဇေးလ်က မော်ရင်ဟိုကို ရာစုနှစ်ရဲ့ အကောင်းဆုံးနည်းပြလို့ ချီးကျူးခဲ့သလိုမျိုး မော်ရင်ဟိုကလည်း အိုဇေးလ်ဟာ ဘောလုံးသမိုင်းမှာ ရှားပါးတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့ဖူးပါတယ်။