မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မိုက်ကယ် အိုဝင်က သူ့အသင်းဟောင်း ယူနိုက်တက်အနေနဲ့ လက်ရှိအသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ချက်ချင်း ထုတ်ပယ်ပြီး နည်းပြအဖွဲ့ဝင်ထဲက မက္ကလာရင်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ယူနိုက်တက်ကို စတင် ကိုင်တွယ်ခဲ့ရင်း ပြည်တွင်း ရှုံးထွက်ဖလားတွေမှာ ဖိုင်နယ်အဆင့်ကို (၃)ကြိမ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အမှတ်ပေးပြိုင်ပွဲအတွင်းမှာတော့ ရမှတ် ရှာဖွေနိုင်မှုက အရှေ့က နည်းပြတွေနဲ့ ယှဉ်ရင် နည်းပါးလျက် ရှိနေပါတယ်။

Photo Credit : Fox Sports

တန်ဟက်ဂ်က သူရဲ့ ယူနိုက်တက် နည်းပြဘဝ ပွဲဦးထွက်ရာသီမှာ လိဂ်ဖလားကို ရယူပေးရင်း ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရယူခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အတော်လေး ရုန်းကန်နေရပြီး ရှုံးပွဲတွေလည်း များသထက် များပြားလာသလို အသင်းရဲ့ ခြေစွမ်းပိုင်းတွေက အားနည်းလာခဲ့ရပါတယ်။ ဒါ့အပြင် ပွဲတိုင်းလိုလို ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု အများအပြား ခွင့်ပြုခဲ့ရပြီး ပေးဂိုးအရေအတွက်လည်း များနေခဲ့ပါတယ်။

ဒီလို အခြေအနေမှာ အသင်းပရိသတ်တွေက နည်းပြ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်စေချင်နေပြီး ကစားသမားဟောင်း အိုဝင်ကလည်း တန်ဟက်ဂ်နဲ့ ပတ်သက်လို့ ယူနိုက်တက်ကို အကြံပြုလာပါတယ်။ “တန်ဟက်ဂ်က ယူနိုက်တက် နည်းပြရာထူးအတွက် မှန်ကန်တဲ့သူ မဟုတ်ဘူးလို့ ကျွန်တော် အချိန်အတော်ကြာက ပြောခဲ့ပြီးပါပြီ။ သူက နောက်ရာသီမှာလည်း အသင်းကို ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။”

Photo Credit : The Sun

“သူတို့မှာ ဖလားဖိုင်နယ်ပွဲတစ်ပွဲနဲ့ နောက်ရာသီ ဥရောပ ပြိုင်ပွဲတွေထဲ ဝင်ရောက်ခွင့် ရမရကို ဆုံးဖြတ်ပေးမယ့် ပွဲအနည်းငယ်သာ ရှ်ိပါတော့တယ်။ ဒီလိုအချိန်မှာ ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်ရပါမယ်။ သူတို့ကို မန်စီးတီးက ဖိုင်နယ်မှာ အသကုန် ချေမှုန်းဖို့ ရှိနေသလို အာဆင်နယ်ကလည်း အိုးထရက်ဖို့ဒ်မှာ ဆုံးမပါလိမ့််မယ်။ နယူးကာဆယ်လည်း ဒီအတိုင်းပါပဲ။ ဘရိုက်တန်နဲ့ပွဲတောင် သိပ်မလွယ်လောက်ဘူး။ အဲ့ဒီလိုသာ ဖြစ်သွားရင်တော့ သူတို့တွေ နောက်ရာသီ ဥရောပမှာ ဘာမှကစားရတော့မှာ မဟုတ်ပါဘူး။”

“ဒီလို ပွဲ (၄)ပွဲလေးပဲ ကစားဖို့ ကျန်ရှိနေတော့တဲ့အချိန် အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေက တစ်ခုခုကို လုပ်ဆောင်လိုက်သင့်တယ်လို့ ကျွန်တော် တွေးမိတယ်။ တန်ဟက်ဂ်က အသင်းအတွက် ဘယ်လိုမှ မလုံလောက်တဲ့သူဆိုတာ အရမ်းသိသာနေပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။