နာပိုလီအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲကမှ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နာပိုလီအသင်းနဲ့အတူ စီးရီးအေ အမှတ်ပေးဖလားကို ရယူခဲ့ပြီး စီးရီးအေမှာလည်း ဂိုးသွင်းအများဆုံး နေရာ ရရှိအောင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒါကြောင့်ပဲ အိုဆင်မန်ကို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားလာကြပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့်် နာပိုလီကတော့ သူတို့ကစားသမားကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ခဲ့ပြီး ၂၀၂၆ခုနှစ်အထိပါ သက်တမ်းတိုးခဲ့သလို စာချုပ်လျော်ကြေးကိုလည်း ယူရို သန်း(၁၃၀)ထိပါ သတ်မှတ်ခဲ့ပါသေးတယ်။

ဒီလို စာချုပ်သက်တမ်း တိုးမြှင့်ထားပေမယ့်လည်း ကလပ်အသင်းတွေကတော့ အိုဆင်မန်ကို ဆက်လက် စိတ်ဝင်စားနေဆဲဖြစ်ပြီး တိုက်စစ်မှူး လိုအပ်နေတဲ့ အသင်းတွေကလည်း အိုဆင်မန်လို တိုက်စစ်ကစားသမားမျိုးကို အသင်းအတွက် အလိုရှိနေကြပါတယ်။

Photo Credit : Sky Sports

အိုဆင်မန်ကိုယ်တိုင်ကတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ချယ်လ်ဆီးအသင်းကိုသာ ရွေးချယ်သွားချင်နေပြီး လာမယ့်နွေမှာလည်း ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ပါ စီစဉ်ထားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကလည်း အိုဆင်မန်လို တကယ့် ဒိတ်ဒိတ်ကြဲ တိုက်စစ်ကစားသမားတစ်ဦးကို အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး အိုဆင်မန်ရဲ့ လက်ရှိ စာချုပ်လျော်ကြေး တန်ဖိုးအတိုင်းနဲ့လည်း ကမ်းလှမ်းသွားဖို့ အဆင်သင့် ရှိလို့နေပါတယ်။