အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဗစ်တာ အိုဆီမန်က လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းရမယ် ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးထက် ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ချင်ကြောင်း ဂျာမဏီ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် နိုင်ဂျီရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်က လိုင်လီကနေ နာပိုလီထံ ပြောင်းရွှေ့ခဲ့ပြီးနောက် သူဟာ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြထားနိုင်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း အိုဆီမန်ဟာ နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Football 365

အိုဆီမန်က နာပိုလီနဲ့အတူ ဒီရာသီမှာ ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးကို ပြသထားနိုင်တာကြောင့် တိုက်စစ်မှူး လိုအပ်ချက်တွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ၃သင်းစလုံးရဲ့ တာဝန်ရှိသူတွေက အိုဆီမန်ရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေလည်း လုပ်ထားကြပါတယ်။

နာပိုလီကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်ကို ရောင်းချဖို့ စိတ်ကူးမရှိသေးပေမယ့် အကယ်၍ အိုဆီမန်ကသာ အသင်းပြောင်းခွင့် တောင်းခံလာမယ် ဆိုရင် အိုဆီမန်ကို ရောင်းချဖို့ သဘောတူသွားမှာ ဖြစ်ပြီး နာပိုလီဟာ အိုဆီမန် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော် လိုချင်နေပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germanyရဲ့ ဖော်ပြချက်အရ အိုဆီမန်က လာမယ့် နွေဈေးကွက် အတွင်းမှာ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေကလည်း အိုဆီမန်ကို ခေါ်ယူဖို့ အတွက် ကလပ်တွင်း အစည်းအဝေးတွေပါ ပြုလုပ်နေကြကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီးကို ဘာစီလိုနာဆီ ရောင်းချပြီးနောက် လီဗာပူးရဲ့ တောင်ပံတိုက်စစ်မှူး မာနေးကို အစားထိုး ကစားသမား အဖြစ် ပြန်ခေါ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က အိုဆီမန်ကို ခေါ်ယူပြီးရင် အသင်းရဲ့ ကြယ်ပွင့် ကစားသမား တဦးကို ပြန်လည် ရောင်းထုတ်ဖွယ် ရှိနေပါတယ်။