အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ နာပိုလီရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အတ္တလန်တာ ၁-၂ နာပိုလီ ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် အီတလီ စီးရီးအေသမိုင်းမှာ ဂိုးသွင်းအများဆုံး နိုင်ဂျီးရီးယားသား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

နာပိုလီက စီးရီးအေ ပွဲစဉ်(၁၃) အဖြစ် အတ္တလန်တာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ပွဲချိန် ၁၀မိနစ်ကျော်မှာ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် အနောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ပွဲချိန် ၂၃မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ အိုဆီမန်ရဲ့ ချေပဂိုး ၊ ပွဲချိန် ၃၅မိနစ်မှာ ရခဲ့တဲ့ အယ်လ်မက်ရဲ့ အနိုင်ဂိုးတို့ကြောင့် အဝေးကွင်းမှာ အဖိုးတန် နိုင်ပွဲ တပွဲကို ရယူနိုင်ခဲ့တာပါ။

Photo Credit: Metro

အသက် ၂၃နှစ် အရွယ် နိုင်ဂျီးရီးယား ကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်က ၂၀၂၀ခုနှစ်မှာ လိုင်လီကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

အိုဆီမန်က သူ့ရဲ့ နာပိုလီ ကစားသမား ဘဝ တလျှောက်လုံးမှာ ပြိုင်ပွဲစုံ ၇၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ သွင်းဂိုးတွေအနက် ၃၂ဂိုးကို စီးရီးအေပြိုင်ပွဲ တခုထဲမှာတင် သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါကြောင့် အိုဆီမန်က စီးရီးအေ သွင်းဂိုး ၃၂ဂိုးနဲ့ စီးရီးအေသမိုင်းမှာ ဂိုးသွင်းအများဆုံး နိုင်ဂျီးရီးယား ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး အိုဆီမန်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ နာပိုလီမှာပဲ ဆက်ကစားဖို့ ရှိနေတာကြောင့် သူ့ရဲ့ စီးရီးအေသွင်းဂိုးတွေဟာ ပိုမို မြင့်တက်လာဦးမှာပါ။

ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ အိုဆီမန်ကသာ သူ့ရဲ့ ဂိုးသွင်းနှုန်းကို ဆက်ထိန်းထားနိုင်မယ် ဆိုရင် အိုဆီမန်ဟာ ဒီရာသီ အကုန်မှာတင် စီးရီးအေသွင်းဂိုး ၅၀ဂိုး ပြည့်သွားနိုင်ကြောင်း သုံးသပ် ခန့်မှန်းထားကြပါတယ်။