နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆီမန်က သူ့အနာဂတ် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ထားပြီးသား ဖြစ်တယ်လို့ ဖွင့်ဟလိုက်တာကြောင့် အိုဆီမန်အနေနဲ့ ရာသီကုန်မှာ ဘယ်အသင်းတွေဆီ ပြောင်းရွှေ့မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရပါတယ်။

အသက် (၂၅)နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်ဟာ မနှစ်က ဘောလုံးရာသီမှာပဲ အကောင်းဆုံး ထွန်းတောက်ခဲ့ပြီး နာပိုလီကို စီးရီးအေ ချန်ပီယံဆု ဆွတ်ခူးစေခဲ့သလို သူကိုယ်တိုင်ကလည်း စီးရီးအေ အကောင်းဆုံးဆု ၊ ဂိုးသွင်းအများဆုံးဆုနဲ့ အာဖရိကရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး ကစားသမားဆုတွေကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Fabrizio Romano

ဒါကြောင့်လည်း အိုဆီမန်ကို ဥရောပ ထိပ်တန်း ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ကြပြီး ဒါကို သိနေတဲ့ နာပိုလီအသင်းကလည်း အိုဆီမန်ကို ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်သလို စာချုပ်ဖျက်သိမ်းကြေးကိုလည်း ယူရို သန်း (၁၃၀)အထိ သတ်မှတ်လိုက်ပါတယ်။

ဒီလို စာချုပ်သက်တမ်း တိုးလိုက်ပေမယ့်လည်း အိုဆီမန်ကိုတော့ ကလပ်အသင်း အမြောက်အများက စိတ်ဝင်စားနေဆဲဖြစ်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း ချယ်လ်ဆီးက လာမယ့်နွေမှာ အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ အလွန် အလာအလား ကောင်းမွန်နေရပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး အိုဆီမန်က “ဒီရာသီအကုန်မှာ ကစားသမားဘဝကို နောက်တစ်ဆင့် မြင့်တင်ဖို့အတွက် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ထားပြီးသားပါ။ ကျွန်တော် စိတ်ပိုင်းဖြတ်ပြီးသားပါ။ ကျွန်တော့်မှာ အစီအစဉ်တွေလည်း ရေးဆွဲထားပြီးသား။”

“ကျွန်တော် ဘာတွေ လုပ်ဆောင်ချင်လဲဆိုတာကိုလည်း ကျွန်တော် သိထားသလို ကျွန်တော် နောက်တစ်ဆင့်ကိုလည်း တက်လှမ်းသွားချင်နေပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ အိုဆီမန်အနေနဲ့ သူ့ကို ခေါ်ယူချင်နေတဲ့ ထိပ်တန်း ကလပ်အသင်းတွေကို အသိပေးစကား ဆိုလိုက်သလိုပါပဲ။