မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ အန်ဒရေ အိုနာနာဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဆင်နွဲရဖို့ ရှိနေပေမယ့်လည်း စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အထိပါ ပါဝင်သွားဦးမယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီနှစ် နွေဈေးကွက်ကမှ အင်တာမီလန်အသင်းကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကင်မရွန်း ဂိုးသမား အိုနာနာဟာ တည်ငြိမ်မှု ကင်းမဲ့လှပြီး အမှားတွေ အလွန်များပြားနေတာကြောင့် ယူနိုက်တက် ပရိသတ်တွေကိုယ်တိုင် စိတ်ပျက်လျက် ရှိနေရပါတယ်။

Photo Credit : Opta Analyst

ဒါပေမယ့်လည်း ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ သူရဲ့တပည့် အရင်းအချာဖြစ်တဲ့ အိုနာနာကိုပဲ အသင်းဂိုးပေါက်မှာ ပွဲတိုင်း အသုံးပြုနေပြီး ဒီနွေမှာပဲ ခေါ်ယူထားတဲ့ တူရကီ ဂိုးသမား ဘာယင်ဒါကိုတော့ လုံးဝနီးပါး ချန်လှပ်ထားခဲ့ပါတယ်။

အခု အာဖရိကဖလားပြ်ိုင်ပွဲ ကျင်းပဖို့ ရှိနေချိန် အိုနာနာအနေနဲ့ ကင်မရွန်းအသင်းအတွက် ပါဝင် ကစားပေးသွားဖို့ ရှိနေပေမယ့် အိုနာနာကတော့ ဝီဂန်နဲ့ အက်ဖ်အေဖလားပွဲအပြင် စပါးနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အထိပါ ဆက်လက် ပါဝင်သွားဖို့ပါ ရှိနေရပါတယ်။

Photo Credit : Sky Sports

ဒါက ယူနိုက်တက်အသင်း ပရိသတ်တွေအတွက်သာမကပဲ အိုနာနာ အာဖရိကဖလားပွဲ သွားရောက် ဆင်နွဲနေချိန်မှာ ပွဲကစားခွင့်တွေ ရလာနိုင်တဲ့ ဘာယင်ဒါအတွက်လည်း အတော်လေးကို စိတ်ပျက်သွားစေနိုင်မယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။

လက်ရှိမှာတော့ အိုနာနာက စပါးအသင်းနဲ့ ပွဲစဉ်ကို ပါဝင်ကစားပြီးမှ အာဖရိကဖလားပြိုင်ပွဲ ကျင်းပမယ့် အိုင်ဗရီကို့စ်နိုင်ငံဆီ ခရီးနှင်ပြီး နောက်တစ်ရက်မှာပဲ ကင်မရွန်းအသင်းအတွက် ပါဝင်သွားဖို့ ရှိနေတာကြောင့် (၂)ရက်အတွင်း (၂)ပွဲဆက်တိုက်အထိ ကစားရဖွယ် ရှိနေပါတယ်။