မနေ့ညက အန်ဖီးလ်ကွင်းမှာ အိမ်ရှင် လီဗာပူးလ်အသင်း နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်သွားခဲ့တဲ့ အင်္ဂလန်ဒါဘီ ပွဲစဉ်မှာ အိမ်ရှင်အသင်းက ဖိအားပေး ကစားနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက် ခံစစ်ကို အကျစ်လစ်ဆုံး ကစားခဲ့ရင်း ဂိုးမရှိသရေနဲ့ ပွဲက အဆုံးသတ်သွားခဲ့ရပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းက အဓိက ကစားသမားတွေ ဒဏ်ရာရနေသလို အသင်းရဲ့လက်ရှိ ရလဒ်တွေကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အသင်းရဲ့ ခံစစ်နဲ့ ဂိုးသမား အိုနာနာတို့က အတော်လေး ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲစဉ် (၂)ပွဲအတွင်း (7-0) (4-0) ဆိုတဲ့ ရလဒ်မျိုးတွေနဲ့ အပြတ်အသတ်တွေ အရှုံးပေးထားခဲ့ရပြီး လီဗာပူးလ်ဟာလည်း ဒီရာသီ အန်ဖီးလ်မှာ ပြိုင်ပွဲစုံ ပွဲတိုင်း တောက်လျှောက် အနိုင်ယူထားခဲ့သလို ဂိုးတွေလည်း အမြောက်အများ သွင်းယူနိုင်ခဲ့ပါတယ်။

အခုပွဲမှာ လီဗာပူးလ်ကို လုံးဝ ဂိုးမပေးရအောင် ကစားနိုင်ခဲ့တဲ့ ဂိုးသမား အိုနာနာက ပြိုင်ဘက်အသင်းတိုင်းအတွက် အိမ်မက်ဆိုးလို့ ဖြစ်နေရမယ့် အန်ဖီးလ်မှာ ကစားခဲ့ရပေမယ့် သူ့အတွက် အေးဆေးပဲလို့ ဆိုလာခဲ့ပါတယ်။ “ကျွန်တော် အိမ်ရှင် ပရိသတ်တွေရဲ့ အားပေးကြမ်းမှုအပေါ်မှာ ဘာမှကို မခံစားမိဘူး။”

Photo Credit : UtdDistrict

“Clean Sheet ရရှိသွားခဲ့တာကလည်း တကယ်ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ အသင်းနိုင်ပွဲ ရရှိဖို့ပါပဲ။ ယူနိုက်တက်လို ကြီးမားတဲ့ ကလပ်အသင်းကြီးမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတုန်းမှာ သင်အနေနဲ့ နိုင်ပွဲရအောင် ကစားနိုင်ရမှာပါ။”

“ကျွန်တော်က ကျွန်တော့်အပေါ် ကျရောက်လာတဲ့ အရာအားလုံးကို ကိုယ်တိုင် တာဝန်ယူရတာကိုပဲ ပိုသဘောကျပါတယ်။ ကျွန်တော့် အသင်းဖော်တွေဆီ ဖိအားတွေ မရောက်သွားစေချင်ဘူး။ သူတို့ကို လွတ်လွတ်လပ်လပ်ပဲ ကစားစေချင်တယ်။ ကျွန်တော်က ဖိအားတွေနဲ့ အကျွမ်းတဝင် ဖြစ်ပြီးသား။ ဒါတွေက ကျွန်တော့်ကို အနှောင့်အယှက် မပေးနိုင်ပါဘူး။” လို့ အိုနာနာက ပြောဆိုခဲ့ပါတယ်။