ပူပူနွေးနွေး ချန်ပီယံလိဂ် ငွေတံဆိပ်ဆုရှင် အင်တာမီလန်ရဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာက ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားပေမယ့် ချယ်လ်ဆီးထက် ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက ဂိုးသမားနေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ အသင်းတွေ ဖြစ်ကြပြီး ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာက ဂိုးပေါက် ကာကွယ်ရာမှာ ထူးချွန်ပေမယ့် ဘောလုံးဖြန့်ဝေတဲ့ အပိုင်းမှာ အားနည်းချက်တွေ ရှိသလို ချယ်လ်ဆီးရဲ့ နံပါတ်တစ် ဂိုးသမား ကီပါက ဘောလုံးဖြန့်ဝေရာမှာ ထူးချွန်ပေမယ့် ဂိုးပေါက် ကာကွယ်တဲ့ အပိုင်းမှာ အားနည်းချက်တွေ ရှိနေသူပါ။

Photo Credit: Team Talk

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက ယခု နွေဈေးကွက် အတွင်းမှာ ဘောလုံးဖြန့်ဝေနိုင်စွမ်း ကောင်းသလို ဂိုးပေါက်ကာကွယ်နိုင်စွမ်းလည်း မြင့်တဲ့ အရည်အသွေးမြင့် ဂိုးသမား တဦးကို ခေါ်ယူဖို့ ကြိုးစားနေကြပြီး အင်တာမီလန် ဂိုးသမား အိုနာနာက နှစ်သင်းစလုံးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဂိုးသမားပဲ ဖြစ်ပါတယ်။

အသက် ၂၇နှစ် အရွယ် ကင်မရွန်း ဂိုးသမား အိုနာနာက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက် အတွင်းမှာမှ အေဂျက် ကနေ အင်တာမီလန်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အေဂျက်မှာ ၁နှစ်နီးပါး တားမြစ်ဆေး ပြဿနာကြောင့် ပွဲတွေနဲ့ ဝေးကွာခဲ့ရပေမယ့် အချိန်တိုအတွင်းမှာ အင်တာမီလန်ရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ရယူနိုင်ခဲ့သလို အသင်းကို ကိုပါအီတာလီယာ ချန်ပီယံ ဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက အိုနာနာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေတာ ဖြစ်ပြီး အင်တာမီလန်ကတော့ အလွတ်နဲ့ ရထားတဲ့ အိုနာနာအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardianရဲ့ ဖော်ပြချက်အရ အိုနာနာက မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးရဲ့ ကမ်းလှမ်းချက်တွေကို ရရှိထားပေမယ့် ချယ်လ်ဆီးအစား ချန်ပီယံလိဂ်ဝင်ခွင့် ရထားသလို ဆရာဟောင်း တန်ဟက်ဂ်လည်း ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တရားဝင် ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရပါတယ်။