မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား အန်ဒရေ အိုနာနာဟာ ဒီလအတွင်းမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဆင်နွဲရဖို့ ရှိနေပေမယ့်လည်း စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ပါဝင်သွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

ဒီနှစ်နွေမှ အင်တာမီလန်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကင်မရွန်း ဂိုးသမား အိုနာနာဟာ သူရဲ့ လက်စွမ်းပိုင်း မတည်ငြ်ိမ်မှုတွေ အမှားများမှုတွေကြောင့် အသင်းပရိသတ်တွေရဲ့ စိတ်ပျက်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit : BBC

နည်းပြ တန်ဟက်ဂ်ကလည်း အိုနာနာကိုသာ ဒီတစ်ရာသီလုံး ဆက်တိုက် နေရာပေးမှုကိုလည်း ယူနိုက်တက် ပရိသတ်တွေက မကျေနပ်ပဲ အိုနာနာ အာဖရိကဖလား သွားရောက်ကစားချိန် အရန် ဂိုးသမား ဘာယင်ဒါ အသင်းအတွက် ကစားခွင့် စတင် ရရှိလာမှာကို စိတ်လှုပ်ရှားနေကြပါတယ်။

ဒါပေမယ့် အိုနာနာကတော့ ဒီတစ်ပတ်မှာ ဝီဂန်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်ကိုသာမကပဲ လာမယ့် (၁၄)ရက်နေ့ စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲကျပ် ပွဲစဉ်ကိုပါ ပါဝင် ကစားသွားဖို့ ရှိနေပါတယ်။

Photo Credit : Sport Brief

တကယ်တော့ အိုနာနာဟာ ဝီဂန်နဲ့ အက်ဖ်အေဖလားပွဲလောက်သာ ပါဝင်ကစားပြီး အာဖရိကဖလားပွဲ ဆင်နွဲရမယ့် ကင်မရွန်းအသင်းနဲ့ သွားရောက် ပူးပေါင်းရတော့မှာ ဖြစ်ပေမယ့်လည်း ကင်မရွန်းရဲ့ အာဖရိကဖလား အုပ်စုအဖွင့်ပွဲ မတိုင်ခင် တစ်ရက်အလို စပါးနဲ့ပွဲကိုပါ ပါဝင်သွားချင်နေပါတယ်။

ဒါကြောင့်လည်း အိုနာနာက ကင်မရွန်း ဘောလုံးအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး တကယ်လို့သာ စပါးနဲ့ပွဲကို ပါဝင်ဖြစ်မယ်ဆိုရင်တော့ အိုနာနာအနေနဲ့ အာဖရိကဖလားပွဲ ကျင်းပရာ အိုင်ဗရီကို့စ်နိုင်ငံဆီ (၇)နာရီကြာတဲ့အထိ ခရီးနှင်ရမှာဖြစ်လို့ အတော်လေးကို ခရီးပန်း ပွဲပန်းဖွယ်လည်း ရှိနိုင်ပါတယ်။