မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ အန်ဒရေ အိုနာနာက သူ့အနေနဲ့ အသင်းဟောင်း အင်တာမီလန်ကို ချစ်မြတ်နိုးပေမယ့်လည်း အင်တာကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့အပေါ် နောင်တရတာမျိုးတွေ ရှိမနေဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။

ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာဟာ ပြီးခဲ့တဲ့ရာသီမှာ အင်တာမီလန်အသင်းနဲ့အတူ အတော်လေး အောင်မြင်ခဲ့သူဖြစ်ပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိပင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Opta Analyst

ဒီလို အကောင်းဆုံး စွမ်းဆောင်မှုတွေကြောင့် သူ့ကို သူ့ဆရာဟောင်းဖြစ်တဲ့ အဲရစ် တန်ဟက်ဂ်က ယူနိုက်တက်အသင်းဆီ အရ ခေါ်ယူခဲ့ပြီး ဒေးဗစ် ဒီဂီယာကိုပါ အသင်းကနေ လက်လွတ်လိုက်ကာ အိုနာနာကိုပဲ အသင်းရဲ့ ဂိုးပေါက်အတွက် တောက်လျှောက် နေရာပေးလာခဲ့ပါတယ်။

အိုနာနာက ယူနိုက်တက်အသင်းမှာ လက်စွမ်းပိုင်း အားနည်းချက်တွေနဲ့ ရုန်းကန်ခဲ့ရပြီး အမှားအယွင်းတွေလည်း များခဲ့ရပေမယ့် တန်ဟက်ဂ်ကတော့ သူ့တပည့်ဟောင်းကိုသာ ယုံယုံကြည်ကြည်နဲ့ ဆက်တိုက် နေရာပေးခဲ့ပါတယ်။ လက်ရှိမှာတော့ အိုနာနာက အီတလီကို ပြန်သွားခဲ့ပြီး သူ့အသင်းဟောင်း အင်တာနဲ့ ကာဂလီယာရီတို့ စီးရီးအေပွဲစဉ်ကိုပါ သွားရောက် အားပေးကြည့်ရှုခဲ့ပါတယ်။

Photo Credit : Bleacher Report

“အင်တာမီလန်အသင်းက ကျွန်တော့်အတွက် မိသားစုတစ်ခုလိုပါပဲ။ အသင်းပရိသတ်တွေကိုလည်း ကျွန်တော် ချစ်မြတ်နိုးတယ်။ တစ်သင်းလုံးအတွက် အကောင်းဆုံးတွေ ဖြစ်လာပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်းပါတယ်။”

“အသင်းကနေ ထွက်ခွာလို့ နောင်တရလားဆိုရင်တော့။ မရပါဘူး။ ကျွန်တော်က မန်ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က အင်တာမီလန်မှာ အလွန်ပျော်ရွှင်ခဲ့ပါတယ်။ အင်တာက တကယ်ကို မယုံကြည်နိုင်စရာကောင်းပြီး ထူးခြားဆန်းပြားတဲ့ ကလပ်အသင်းပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။