ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အိုလစ်ဆီက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီက ညာတောင်ပံမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ပြိုင်ဘက်တွေကို တဦးချင်း လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်မားသလို အဝေးကန်ချက်တွေ ၊ ဖြတ်တင်ဘောတွေနဲ့ သွင်းဂိုးတွေ အလွယ်တကူ ရယူနိုင်စွမ်း ရှိပါတယ်။

Photo Credit: Goal

အိုလစ်ဆီက ညာတောင်ပံ တိုက်စစ် ကစားသမား ဖြစ်ပေမယ့် လိုအပ်ရင် ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံတွေမှာပါ ထွက်ကစားနိုင်စွမ်း ရှိပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ခရစ္စတယ် ပဲလေ့စ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ညာတောင်ပံမှာ အန်တိုနီ ၊ ဆန်ချို ၊ ပယ်လစ္စထရီ ၊ အာမတ် ဒီရယ်လို စတဲ့ ကစားသမား ၄ဦး အထိ ပိုင်ဆိုင်ထားပေမယ့် နည်းပြချုပ် တန်ဟက်ဂ်က ဆန်ချိုနဲ့ ပယ်လစ္စထရီတို့ရဲ့ ခြေစွမ်းတွေကို သဘောမကျတာကြောင့် နှစ်ဦးစလုံးကို အငှားချထားသလို အန်တိုနီနဲ့ ဒီရယ်လိုတို့ကလည်း ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို မပြသနိုင်သေးပါဘူး။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ ညာတောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံပရိသတ် အဖြစ် နာမည်ကြီးတဲ့ အိုလစ်ဆီဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အိုလစ်ဆီက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုသာ ရောက်လာရင် ချက်ချင်း လက်ခံဖို့ စဉ်းစားထားသလို ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ အပေါ် ဝမ်းသာ ဂုဏ်ယူနေကြောင်း သိရှိရပါတယ်။

ခရစ္စတယ် ပဲလေ့စ်က သူတို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီကို လက်မလွှတ်ချင်ပေမယ့် ယူနိုက်တက်ကသာ ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင်တန် ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ရင် အိုလစ်ဆီကို ရောင်းချနိုင်ကြောင်း ပဲလေ့စ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။