ကဲ ပရိသတ်တွေ အားလုံးကို Super Sunday ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့က သင်္ကြန်အတက်နေ့လည်း ဖြစ်လို့ ပရိသတ်တွေ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ တပါထဲ ဆုတောင်းပေးလိုက်ပါတယ်။ ဒီနေ့ညမှာတော့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီလို ပွဲကောင်းတွေ ရှိတာကြောင့် ကျွန်တော်တို့က ထုံးစံအတိုင်းပဲ ပွဲကြို သုံးသပ်ချက်လေး လုပ်ပေးသွားချင်ပါတယ်။ ကဲ စလိုက်ရအောင်ဗျာ…။

Photo Credit: The Analyst

ဝက်စ်ဟမ်းနဲ့ အာဆင်နယ် (ည ၇နာရီခွဲ)

ဒီပွဲကတော့ လန်ဒန်ဒါဘီပွဲပါ။ ဒါပေမယ့် ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ ရည်မှန်းချက်တွေကတော့ ကွာခြားလွန်းပါတယ်။ ဝက်စ်ဟမ်းက တန်းဆင်းဇုန် အန္တရာယ် ကနေ လွတ်ဖို့ ကြိုးစား ကစားမှာ ဖြစ်ပေမယ့် အာဆင်နယ်ကတော့ ချန်ပီယံဆု အတွက် ဒီပွဲကို အနိုင် ကန်ဖို့ ကြိုးစားမှာပါ။

မိုယက်စ်ရဲ့ ဝက်စ်ဟမ်းက ရာသီအစမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ ခြေစွမ်းကောင်းတွေ ပြန်ရလာပြီး နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲမှာ ၁ပွဲထဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ တဖက်မှာ အာဆင်နယ်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲဆက် ရှုံးပွဲ မရှိသေးပဲ နိုင်သင့် နိုင်ထိုက်တဲ့ ပွဲတွေကို အနိုင် ကစားထားနိုင်ပါတယ်။

ဝက်စ်ဟမ်းက တန်းဆင်းဇုန် အန္တရာယ်နဲ့ ကြုံတွေ့နေရတာကြောင့် ဒီပွဲမှာ ရုန်းကန် ကစားလာဖို့ ရှိပေမယ့် ဝက်စ်ဟမ်းဟာ ဒီရာသီမှာ သူတို့ထက် ကောင်းတဲ့ အသင်းတွေနဲ့ တွေ့တဲ့ အခါတိုင်း ရှုံးနိမ့်ထားတာကို သတိထားရပါမယ်။ ရှေ့ရက်မှာ မန်ချက်စတာ စီးတီးက အနိုင်ရထားလို့ အာဆင်နယ်ကတော့ ဒီပွဲမှာ လုံးဝ အမှားခံမယ် မထင်ပါဘူး။ ဒါကြောင့် ဒီပွဲမှာတော့ အမြောက်တပ်သားတွေနဲ့ပဲ ရပ်တည်ပါမယ်။

ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၁-၂ အာဆင်နယ်

Photo Credit: Sporting News

နော်တင်ဟမ်နဲ့ မန်ယူ (ည ၁၀နာရီ)

နော်တင်ဟမ် ဖောရက်စ်က တန်းဆင်းဇုန် အန္တရာယ်ကြောင့် နောက်ပိုင်းပွဲတွေမှာ ရမှတ်တွေ စုဆောင်းဖို့ ညှစ်ကစားနေပေမယ့် ရလဒ်ကောင်းတွေတော့ မရသေးပါဘူး။ နော်တင်ဟမ် ဖောရက်စ်က နောက်ဆုံး ကစားခဲ့တဲ့ ၉ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီး တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းအား လျော့နေပါတယ်။

မန်ယူကတော့ အိမ်ကွင်းပွဲတွေ ဆိုရင် ခြေစွမ်းရော ၊ ရလဒ်ပါ ကောင်းပေမယ့် အဝေးကွင်းပွဲတွေ ရောက်ရင် ခြေစွမ်းကျဆင်းသွားတတ်ပါတယ်။ မန်ယူက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အဝေးကွင်း ၅ပွဲမှာ ၂ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၂ပွဲ ရှုံး ဆိုတဲ့ ရလဒ်ကို ရထားတာကြောင့် အဝေးကွင်းခြေ မငြိမ်တာကို တွေ့နေရပေမယ့် သူတို့တွေ နိုင်ခဲ့တဲ့ ၂ပွဲမှာ နော်တင်ဟမ် ဖောရက်စ်ကို ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲလည်း ပါပါတယ်။

ဒီနှစ်သင်းရဲ့ တွေ့ဆုံမှု ၃ကြိမ်မှာလည်း မန်ယူကပဲ ၃ကြိမ်စလုံးကို အနိုင်ရထားသလို နော်တင်ဟမ် ဖောရက်စ်က မန်ယူဘက်ကို သွင်းဂိုး ၁ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲမှာ ဧည့်သည် သရဲနီတွေကပဲ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အရေးကြီးတဲ့ ရမှတ် ၃မှတ်ကို စုဆောင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – နော်တင်ဟမ် ၀-၂ မန်ယူ