မန်ချက်စတာယူနိုက်တက်အသင်းက သူတို့အသင်းရဲ့ ဗဟိုခံစစ်ကစားသမား ဗစ်တာလင်ဒီလော့ကို လက်ရှိအချိန်မှာ ဥရောပ ကလပ်အသင်းတချို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပေမယ့် ယူနိုက်တက်ဘက်ကတော့ သူတို့ ကစားသမားကို အသင်းမှာပဲ ဆက်လက် ထားရှိသွားမယ်လို့ သိရပါတယ်။

Photo Credit : Forbes

ယူနိုက်တက်အသင်းကို နည်းပြအဲရစ်တန်ဟက်ဂ် ကိုင်တွယ်ပြီးနောက် အသင်းခံစစ်ပိုင်းအတွက် လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူခဲ့သလို ခံစစ်ပိုင်းမှာလည်း မာတီနက်ဇ်နဲ့ ဗာရန်းတို့ကိုသာ ပိုမို နေရာပေးခဲ့တဲ့အပြင် ဘယ်နောက်ခံလူ လုခ်ရှောကိုပါ ဗဟိုခံစစ်မှာ ပြောင်းလဲ အသုံးပြုခဲ့သေးတာကြောင့် အသင်းခေါင်းဆောင် မက်ဂွိုင်းရားနဲ့ လင်ဒီလော့တို့ နေရာပျောက်ဆုံးလာခဲ့ရပါတယ်။ ၂၀၁၇ခုနှစ်ကတည်းက ဘင်ဖီကာကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေတဲ့ ဆွီဒင်ခံစစ်မှူး လင်ဒီလော့ဟာ ဒီရာသီမှာတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် (၆)ပွဲသာ ကစားထားရသလို ယူရိုပါလိဂ်ဖလား အက်အေဖလားနဲ့ လိဂ်ဖလားပွဲတွေသာ ပါဝင်ထားခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ရတဲ့ လင်ဒီလော့ကို အသက်လက်တီကိုမက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့သလို အင်တာမီလန်ကလည်း လာမယ့်နွေမှာ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိတော့မယ့် မီလန်ရှကရီညာနေရာမှာ လင်ဒီလော့နဲ့ အစားထိုးဖို့အတွက် စိတ်ဝင်စားလာခဲ့ပါတယ်။ အခု ဈေးကွက်အတွင်းမှာ လင်ဒီလော့ကို ခေါ်ယူသွားနိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်လာခဲ့ကြပေမယ့် ယူနိုက်တက်ဘက်ကတော့ သူတို့ကစားသမားကို လက်ရှိ ရာသီကုန်တဲ့အထိ အသင်းမှာ ဆက်လက် ထားရှိဖို့သာ ဆုံးဖြတ်ထားလို့ ကမ်းလှမ်းမှုတိုင်းကို ပယ်ချသွားခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နွေမှာတော့ ယူနိုက်တက်အနေနဲ့ ခံစစ်ပိုင်းအတွက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူမှု ပြုလုပ်ဖွယ် ရှိနိုင်တာကြောင့် မက်ဂွိုင်းရားနဲ့ လင်ဒီလော့တို့ထဲက တစ်ဦးဦးကို အပြီးသတ် ရောင်းချဖွယ် ရှိလာနိုင်ပါတယ်။ လင်ဒီလော့ဟာလည်း လာမယ့် ၂၀၂၄ခုနှစ်မှာ ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးဖို့ ရှိနေသလို သူ့အသင်းဖော် မက်ဂွိုင်းရားကလည်း လင်ဒီလော့လောက်တောင် အသင်းမှာ နေရာမရနိုင်တာကြောင့် ကစားသမားနှစ်ဦးလုံးရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လာနိုင်ပြီး ဘယ်ကစားသမားက ယူနိုက်တက်နဲ့ လမ်းခွဲရမလဲဆိုတာကိုသာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။