ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အန်ကွန်ကူက ဘယ်ဘက် ဒူးအရွတ်ဒဏ်ရာ ရခဲ့တာကြောင့် မြက်ခင်းစိမ်းတွေနဲ့ ၃လ ဝန်းကျင် ဝေးကွာရတော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူက ယခု နွေဈေးကွက် အတွင်းမှာ ဂျာမန် နာမည်ကြီးကလပ် လိုက်ပ်ဇစ် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးက အန်ကွန်ကူကို ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

အန်ကွန်ကူက ချယ်လ်ဆီးဆီ ယခုနှစ် ဘောလုံးရာသီမှ ရောက်ရှိလာသူ ဖြစ်ပေမယ့် အသင်းနဲ့ ခပ်မြန်မြန်ပဲ အသားကျခဲ့သလို ရာသီကြို ခြေစမ်းပွဲမှာလည်း သွင်းဂိုး တချို့ သွင်းယူနိုင်ခဲ့ပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက အန်ကွန်ကူကို အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ရှုမြင်နေပါတယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အန်ကွန်ကူက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာပဲ ဘယ်ဘက် ဒူးအရွတ် စုတ်ပြဲဒဏ်ရာကို ရရှိသွားခဲ့ပြီး ချယ်လ်ဆီးရဲ့ ဆေးအဖွဲ့က အန်ကွန်ကူရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေ လုပ်ဆောင်ပြီးနောက် ခွဲစိတ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့တာကြောင့် အန်ကွန်ကူဟာ ဒူးဒဏ်ရာကို ခွဲစိတ်ရတော့မှာပါ။

Photo Credit: Tribuna

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sportsရဲ့ ဖော်ပြချက်အရ အန်ကွန်ကူဟာ ဒူးဒဏ်ရာကို ခွဲစိတ်ဖို့နဲ့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာဖို့ အတွက် အနည်းဆုံး အချိန် ၃လ ဝန်းကျင် အနားယူရဖို့ ရှိနေပြီး အန်ကွန်ကူဟာ ၂၀၂၃ကုန်ခါနီးမှ မြက်ခင်းစိမ်းတွေပေါ် ပြန်လည် ခြေချနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

ချယ်လ်ဆီးကတော့ အန်ကွန်ကူရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး အခုလိုပဲ ထုတ်ပြန် ကြေညာထားပါတယ်။ ချယ်လ်ဆီးက – “အန်ကွန်ကူက ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေပါတယ်။ အသက် ၂၅နှစ် အရွယ် တိုက်စစ်မှူးက ဒဏ်ရာအတွက် ခွဲစိတ်မှု လုပ်ထားသလို မကြာခင်မှာ အသင်းရဲ့ ဆေးအဖွဲ့ ဝန်ထမ်းတွေနဲ့အတူ ပြန်လည် ထူထောင်ရေး အစီအစဉ်တွေကို လုပ်ဆောင်တော့မှာပါ” လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။