နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီရဲ့ နည်းပြချုပ် ဖြစ်သူ ရုဒ်ဗန် နစ္စတယ်ရွိုင်းကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ သူတို့အသင်းကို အနိုင်ရသွားခဲ့တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ချီးကျူးလိုက်ပါတယ်။

နယ်သာလန် ဂန္တဝင် တိုက်စစ်မှူး နစ္စတယ်ရွိုင်းက မန်ချက်စတာ ယူနိုက်တက်မှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုတို့ကို ရယူဖူးသူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်နဲ့ အင်္ဂလန် ဘောလုံးလောကရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိသူ တဦးပါ။

Photo Credit: Sky Sports

ယမန်နေ့ညမှာတော့ အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့က ယူရိုပါလိဂ် အုပ်စုပွဲ အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အာဆင်နယ်က ကွင်းလယ်လူ ချာကာရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ပီအက်စ်ဗွီကို အနိုင်ရရှိကာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ရှုံးနိမ့်သွားခဲ့တဲ့ ပီအက်စ်ဗွီကတော့ ရှုံးထွက်အဆင့်ဆီ ဒုတိယနေရာနဲ့ တက်လှမ်းနိုင်ဖို့ အုပ်စုနောက်ဆုံး ပွဲစဉ် အထိ ရုန်းကန်ရဖို့ ရှိနေပေမယ့် ပီအက်စ်ဗွီရဲ့ နည်းပြဖြစ်သူ နစ္စတယ်ရွိုင်းကတော့ အာဆင်နယ်ရဲ့ ခြေစွမ်းကို သဘောကျနေပြီး အာတီတာရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့လည်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

နစ္စတယ်ရွိုင်းက – “ကျွန်တော်က မီခေးကို (အာတီတာ) ချီးကျူးချင်ပါတယ်။ သူ့ရဲ့ အာဆင်နယ်ကို တည်ဆောက်ခဲ့မှု ၊ တည်ငြိမ်တဲ့ ကစားပုံ တခု ရအောင် တည်ဆောက်ခဲ့မှု ၊ သူ လိုချင်တဲ့ ကစားပုံအတိုင်း ကစားနိုင်တဲ့ ကစားသမားတွေကို ခေါ်ယူမှုတွေ အားလုံးဟာ ပြီးပြည့်စုံခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့က ဒီရာသီမှာ ရလဒ်ကောင်းတွေ ရနေတာပေါ့။ တကယ်လို့ ခင်ဗျားက ပရီးမီးယားလိဂ်မှာ ၁၀ပွဲ ကစားထားပြီးချိန် ၉ပွဲကို အနိုင်ရထားရင် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အနေအထားကို ရောက်နေပါပြီ” လို့ ပြောကြားကာ အာဆင်နယ်ကို ချီးကျူးသွားခဲ့တာပါ။