ချယ်လ်ဆီးအသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား နီကိုလပ်စ် ဂျက်ဆင်က သူဟာ ငယ်စဥ်ကတည်းက လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီးတစ်ပါးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အလွန် ရူးသွပ်အားကျခဲ့ရတယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

ဂျက်ဆင်ဟာ ရော်နယ်လ်ဒိုကို သူရဲ့ idol တစ်ဦးအဖြစ် သတ်မှတ်ထားတာ ဖြစ်သလို ဂိုးတွေ သွင်းယူပြီးတိုင်းမှာလည်း ရော်နယ်ဒိုရဲ့ အထင်ကရ ဂိုးသွင်း အောင်ပွဲခံမှုဖြစ်တဲ့ Siuu ကိုပါ လိုက်လံ တုပပြီး အောင်ပွဲခံလေ့ပါ ရှိပါတယ်။

Photo Credit : Sumeks

ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး နီကိုလပ်စ် ဂျက်ဆင်က “ကျွန်တော် အရွယ်ရောက်လာတဲ့အချိန်မှာ ရော်နယ်လ်ဒိုကို ကျွန်တော် အလွန် သဘောကျလာမိပါတယ်။ ကျွန်တော့်မှာ သူ့နာမည်ပါတဲ့ အကျီတစ်ထည်ကို အမြဲတမ်း ဝတ်လေ့ရှိပါတယ်။”

“တကယ့် ဈေးကြီးတဲ့ ဂျာစီအစစ်တော့ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ရှိနေတဲ့ အင်္ကျီတစ်ထည်ကိုပဲ ရော်နယ်လ်ဒို နာမည် နဲ့ နံပါတ် (၇)ရေးပြီး ဝတ်ထားတာမျိုးပါ။ ကျွန်တော် ကလေးဘဝတုန်းက ဖန်တီးထားခဲ့တာ။ သူ့လို ပုံစံမျိုးကို လိုက်လံ တုပချင်ပေမယ့်လည်း သူရဲ့ပွဲတွေ ကြည့်ရဖို့က ကျွန်တော့်အတွက် တော်တော် ခက်ခဲပါတယ်။”

Photo Credit : Sumeks

“ကျွန်တော့်သူငယ်ချင်းအိမ်မှာ ရီးယဲလ်မက်ဒရစ် ပွဲတွေကို အားလုံးစုကြည့်ကြရတယ်။ ကျွန်တော် ဘောလုံးသမား ဖြစ်လာတော့လည်း သူရဲ့ အောင်ပွဲခံမှုအတိုင်း လိုက်လုပ်ဖြစ်ပါတယ်။ ဗီလာရီးယဲလ်မှာကတည်းက အဲ့ဒီလို လိုက်တုပခဲ့တာပါ။”

“အခုတော့ ကျွန်တော် ဂိုးတစ်ဂိုး သွင်းယူတိုင်းမှာ ဒီလို အောင်ပွဲခံတော့မှာ မဟုတ်ပဲ ဟက်ထရစ် သွင်းယူပြီးမှသာ ရော်နယ်လ်ဒိုလို အောင်ပွဲခံပါမယ်။ အဲ့ဒီအတွက်လည်း ဟက်ထရစ်တွေ ဆက်သွင်းနိုင်အောင် လုပ်ဆောင်သွားပါမယ်။” လို့ ပြောဆိုခဲ့ပါတယ်။